နိုင်ငံတကာတွင် တစ်နာရီကျော်မျှ YouTube ပြတ်တောက်မှုနှင့် ကြုံတွေ့ခဲ့ရ

ကမ္ဘာကျော် အွန်လိုင်း ဗီဒီယို ဝေမျှမှု ဝက်ဘ်ဆိုက်ဖြစ်သည့် YouTube နာရီပိုင်းမျှ အသုံးပြု၍ မရဘဲ ဖြစ်သွားခြင်းအတွက် သုံးစွဲသူများက ဝေဖန် မေးခွန်းထုတ်မှုများ ထွက်ပေါ်လာခဲ့သည်။

Google၏ ဗီဒီယို ဝန်ဆောင်မှု လုပ်ငန်းဖြစ်သော YouTubeသည် အောက်တိုဘာ ၁၆ ရက် ညပိုင်း (မြန်မာစံတော်ချိန်အရ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်း)တွင် ဝင်ကြည့်၍ မရတော့သည့် အခြေအနေမျိုး ဖြစ်ခဲ့သည်။ ယင်းပြဿနာကို ကမ္ဘာအနှံ့တွင် အသုံးပြုသူ အများအပြား ကြုံတွေ့ခဲ့ရသည်။

ထိုအခြေအနေကို အသုံးပြုသူများက အရေးဆိုခဲ့ကြသည့်နောက် YouTubeက အရေးတကြီး မွမ်းမံ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ တစ်နာရီ အကျော်မျှ အကြာတွင် YouTube ပုံမှန် ပြန်လည် အသုံးပြု၍ ရပြီဟု ကုမ္ပဏီက ကြေညာခဲ့သည်။

DownDetector၏ အွန်လိုင်း ခြေရာခံ အချက်အလက်များအရ ယင်းပြဿနာမျိုးကို အမေရိကန်၊ ဘရာဇီး၊ ဂျပန်၊ ဩစတြေးလျနိုင်ငံမှ အချို့ဒေသများ၊ အရှေ့တောင်အာရှ နိုင်ငံများနှင့် ဥရောပ အနောက်ပိုင်း ဒေသများတွင် တွေ့ကြုံခဲ့ရကြောင်း သိရသည်။

YouTubeကို အဘယ်ကြောင့် သုံးစွဲ၍ မရနိုင်ဘဲ ဖြစ်သွားကြောင်း တိတိကျကျ မသိရသေးချေ။ Google၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ထိုကိစ္စနှင့် ပတ်သက်၍ ကုမ္ပဏီဖက်က လောလောလတ်လတ် မှတ်ချက်ပေးစရာ မရှိသေးကြောင်း ပြောကြားခဲ့သည်။

 Google၏ ဝန်ဆောင်မှုများတွင် နိုင်ငံတကာထိ ကျယ်ပြန့်သော ပြဿနာမျိုး နည်းပါးသော်လည်း YouTubeမှာမူ အတိတ်ကလည်း လွဲချော်မှုအချို့ ကြုံခဲ့ဖူးသည်။ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကာလအတွင်းကလည်း YouTube၏ အခပေး ဝန်ဆောင်မှုဖြစ်သော YouTube TVသည် ခရိုအေးရှားနှင့် အင်္ဂလန်တို့ ယှဉ်ပြိုင် ကစားနေသော ပွဲစဉ်အတွင်း ထုတ်လွှင့်မှု ယာယီ ရပ်ဆိုင်း သွားခဲ့ဖူးသည်။

Ref: CNBC