နျူကလီးယား ဒုံးကျည်များကို ကာကွယ်ရန် ရဟတ်ယာဉ် အသစ်များ အမေရိကန် လေတပ် မှာယူ

နျူကလီးယား ဒုံးကျည်များကို ကာကွယ် စောင့်ရှောက်ရန်အတွက် အမေရိကန် လေတပ်က ရဟတ်ယာဉ် အသစ်များ အစားထိုး ဝယ်ယူသွားမည်ဟု သိရသည်။

လေတပ်သည် Boeing ကုမ္ပဏီထံမှ MH-139 အမျိုးအစား ရဟတ်ယာဉ်သစ် ၈၄ စီး ဝယ်ယူရန်အတွက် ဒေါ်လာ ၂.၃၈ ဘီလီယံ အသုံးပြုသွားမည်ဟု ဆိုသည်။ အမေရိကန်ပိုင် နျူကလီးယား ဒုံးကျည်များကို ကာကွယ်သည့် အစီအမံအတွက် လတ်တလောတွင် ဗီယက်နမ် စစ်ပွဲခေတ် ကတည်းက အသုံးပြုခဲ့သည့် UH-1N Huey ရဟတ်ယာဉ်များကို သုံးစွဲလျက် ရှိသည်။

လေတပ်က MH-139များကို Hueyများ၏ နေရာတွင် ရေရှည် အစားထိုးသွားမည်ဟု အတည်ပြုခဲ့သည်။ MH-139သည် Leonardo AW-139 ရဟတ်ယာဉ်များ၏ စစ်ဘက်သုံး မူကွဲ အမျိုးအစား ဖြစ်သည်။

“လေတပ်က MH-139တွေရဲ့ အရည်အသွေးအပေါ် ယုံကြည်မှု အပြည့်ရှိတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာမိပါတယ်”ဟု Boeing၏ ရဟတ်ယာဉ် ဌာနခွဲ ဒုတိယ ဥက္ကဋ္ဌ ဒေးဗစ်ကူပါစမစ်သ်က ပြောကြားခဲ့သည်။

Huey ရဟတ်ယာဉ်များသည် ၁၉၇၀ ပြည့်လွန် နှစ်များကတည်းက လေတပ်တွင် အမှုထမ်းနေခဲ့ပြီး ယခုအခါ သက်တမ်း အိုမင်းနေသလို ခေတ်လည်း မမီတော့ချေ။ အမေရိကန်၏ နျူကလီးယား လက်နက်တိုက်ကို ပိုမို ခိုင်မာ အားကောင်းစွာ စောင့်ရှောက်ရန်အတွက် ရဟတ်ယာဉ် အသစ်များ အစားထိုးရန် လိုအပ်ကြောင်း လေတပ်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

Ref: CNN