ဆော်ဒီအစိုးရကို တရားစွဲနိုင်သည့် ၉/၁၁ ဥပဒေ အမေရိကန်ဆီးနိတ်အတည်ပြု

857887987527

ဝါရှင်တန်၊ မေ ၁၈

၉/၁၁ တိုက်ခိုက်မှုကြီးတွင် ထိခိုက်သေကျေသူများ၏ မိသားစုများက ဆော်ဒီအာရေဗျအစိုးရအား တရားစွဲဆိုနိုင်ခွင့် ရှိသည့် ဥပဒေကြမ်းအား အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်ပြီးဖြစ်သည်။

အစွန်းရောက်ထောက်ပံ့မှုများ ဆန့်ကျင်တရားစီရင်ရေးအက်ဥပဒေ JASTA ကို ယခုတွင် အောက်လွှတ်တော်သို့ ပေးပို့ထားပြီဖြစ်သည်။

ယခုဥပဒေကြမ်းကြောင့် အမေရိကန်၏ ရင်းနှီးမြုပ်နှံမှုများကို ဆော်ဒီအစိုးရအနေဖြင့် ရုပ်သိမ်းသွားနိုင်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောသည်။

အဆိုပါ ဥပဒေကြမ်းအား ဗီတိုအာဏာသုံးပယ်ချရလိမ့်မည်ဟု သမ္မတအိုဘားမားက ပြောသည်။

ဥပဒေကြမ်းသာ အတည်ဖြစ်ပါက တိုက်ခိုက်မှုကြီးတွင် မည်သည့်ပါဝင်မှုမျိုးကိုမဆို လုပ်ဆောင်ခဲ့သည့် ဆော်ဒီအစိုးရ အဖွဲ့ဝင်များအား ထိခိုက်သေဆုံးသူ မိသားစုများက တရားစွဲဆိုသွားနိုင်မည်ဖြစ်သည်။

လူပေါင်း ၃၀၀၀ နီးပါးသေဆုံးခဲ့သည့် ၂၀၀၁ စက်တင်ဘာ ၁၁ ရက်က ကုန်သွယ်ရေးအမြွာညီနောင်နှင့် ပင်တဂွန်တို့ တိုက်ခိုက်ခံရခြင်းတွင် တစ်စိုးတစ်စိမျှ ပါဝင်ခဲ့ခြင်း မရှိကြောင်း ဆော်ဒီအာရေဗျက ငြင်းဆန်ထားသည်။

တိုက်ခိုက်မှုတွင် ပါဝင်ကျုးလွန်သူ ဂျီဟတ် ၁၉ ဦးတွင် ၁၅ ဦးက ဆော်ဒီအာရေဗျနိုင်ငံသားများဖြစ်ကြသည်။

၂၀၀၄ ခုနှစ်က ထုတ်ပြန်သည့် ၉/၁၁ ကော်မရှင်အစီရင်ခံစာတွင် “တိုက်ခိုက်ရေးအဖွဲ့အတွက် ဆော်ဒီအာရေဗျဖက်က ပါဝင်ထောက်ပံ့မှုမျိုး သက်သေ အထောက်အထားမရှိကြောင်း”ဖော်ပြထားသည်။

ယခု ဥပဒေ အတွက် သမ္မတအိုဘားမားက စိုးရိမ်စိတ်ရှိနေကာ လက်မှတ်ရေးထိုးရန်အတွက် ခက်ခဲကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။                   

Ref; BBC


Leave a Reply