ငလျင်ဘေးသင့် ဂျပန်ပြည်သူတွေအတွက် အင်နီယက်စတာ နဲ့ ပိုဒေါစကီး အလှူငွေလိုက်ကောက်ပေးခဲ့

အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် လူ ၄၄ ဦး သေဆုံးခဲ့တဲ့ ဂျပန်နိုင်ငံ ဟိုကိုင်ဒိုကျွန်းက ငလျင်ဘေးသင့် ပြည်သူတွေအတွက် ဂျေလိဂ်ကလပ် ဗစ်ဆယ်ကိုဘေးအသင်းမှာ ကစားနေတဲ့ စပိန်ကွင်းလယ်လူ အင်နီယက် စတာ နဲ့ ဂျာမနီ တိုက်စစ်မှူးဟောင်း ပိုဒေါစကီးတို့က အလှူငွေ လိုက်လံကောက်ခံပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဂျပန်နိုင်ငံ ဟိုကိုင်ဒိုကျွန်းမှာ ပြင်းအား ၆.၇ မဂ္ဂနီကျူ့စ်ရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့လို့ လူ ၄၄ ဦးသေဆုံးပြီး လူ ၆၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ငလျင်လှုပ်ခတ်မှုမှာ နေအိမ်တွေ ဆုံးရှုံးခဲ့ရလို့ ခိုလှုံရေးစခန်းတွေမှာ နေထိုင်ရသူ ၂၅၄၄ ဦး ရှိပါတယ်။

ငလျင်ဘေးသင့်သူတွေကို ကူညီဖို့အတွက် အင်နီယက်စတာနဲ့ ပိုဒေါစကီးတို့ အပါအဝင် ဗစ်ဆယ်ကိုဘေး အသင်းက နာမည်ကျော်ကစားသမားတွေ အလှူငွေ လိုက်ကောက်ပေးခဲ့ကြပါတယ်။ စပိန်နဲ့ ဘာစီလိုနာ အသင်းမှာ နှစ်ပေါင်းများစွာ ခြေစွမ်းပြခဲ့တဲ့ အင်နီယက်စတာဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဂျေလိဂ် ကလပ် ဗစ်ဆယ်ကိုဘေးအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ 

-Ref; Sky sports