ပြည်ထောင်စုနယ်မြေ နေပြည်တော်ပြည်ခိုင်ဖြိုးပါတီ စုံညီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် ဇွန် ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေပါတီရုံးအစည်းအဝေးခန်းမ၌ ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ ခရိုင်နှင့် မြို့နယ်ရှစ်မြို့နယ်မှဥက္ကဋ္ဌများ စုံညီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌဦးဝေလွင်၊ ပြည်ထောင်စုနယ်မြေနာယက ဦးခင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဌေးဝင်း နှင့်ကော်မတီဝင်များ၊ နေပြည်တော်ခရိုင်ပါတီဥက္ကဋ္ဌဦးအောင်နိုင်ဦးနှင့်ကော်မတီဝင်များ၊ မြို့နယ်ရှစ်မြို့နယ်မှ ဥက္ကဋ္ဌများ စုစုပေါင်းအင်အား ၂၅ ဦးတက်ရောက်ခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ခရိုင်ပါတီဥက္ကဋ္ဌနှင့် တက်ရောက်လာကြသော ကော်မတီဝင်များက မြို့နယ် အလိုက် ပါတီလုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်ရန်ရှိသည်များကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌဦးဝေလွင်နှင့်နာယက ဦးခင်မောင်ဌေးတို့က ပြန်လည်ဖြည့်စွက်ရှင်းလင်းခဲ့ကြသည်။

ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌဦးဝေလွင်က လူငယ်အဖွဲ့ဝင်များ၏ လှုပ်ရှားဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားကြရန်၊ ဒေသန္တရဗဟုသုတရစေရန်နှင့် ပါတီလှုပ်ရှားဆောင်ရွက်မှုများ အပြန်အလှန်နှီးနှောဖလှယ်ဆောင်ရွက်နိုင်ရန်အတွက် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ လူငယ်များကိုစေလွှတ်ပေးမည်ဖြစ်ကြောင်း၊ အခြားကဏ္ဍတာဝန်ခံများလည်း ကဏ္ဍအလိုက်လှုပ်ရှားဆောင်ရွက်ကြ စေလိုကြောင်း၊ မီဒီယာကဏ္ဍများ၌ တက်ကြွစွာဆောင်ရွက်စေလိုကြောင်းပြောကြားခဲ့ပြီးနောက် မွန်းလွဲ ၁ နာရီတွင် စုံညီအစည်းအဝေး ပြီးဆုံးခဲ့သည်။

အောင်အောင်