မြန်မာ-ထိုင်းရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ မော်လမြိုင်မြို့တွင် ကျင်းပမည်

မြန်မာ့ရိုးရာလက်ဝှေ့ကျော်များနှင့် ထိုင်းမွေထိုင်းချန်ပီယံများ ယှဉ်ပြိုင်ထိုးသတ်မည့် မြန်မာ-ထိုင်းရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို မော်လမြိုင်မြို့တွင် ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူး၍ Lethwei Nation နှင့် H&S Group တို့ ပူးပေါင်းစီစဉ်သည့် Lethwei Nation Fight 4 စိန်ခေါ်ပွဲကို မေလ ၂၇ ရက်တွင် မော်လမြိုင်မြို့ရှိ ပြည်နယ်အားကစားရုံ၌ ကျင်းပမည် ဖြစ်သည်။

‘‘ဒီတစ်ခေါက်တွဲဆိုင်းတွေ က အရင်ထက်ပိုကောင်းမယ်။ မွေထိုင်းချန်ပီယံ ခါးပတ်ရတဲ့သူ တွေနဲ့ ထိုးရမှာဆိုတော့ မြန်မာ လက်ဝှေ့သမားတွေလည်း အကောင်းဆုံးပြင်ဆင်ထားကြတယ်။ မော်လမြိုင်က ပရိသတ်တွေကိုလည်း ပွဲကောင်းတွေလာကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်’’ဟု ပွဲစီစဉ်သူ ကိုဖြိုးကိုကိုနိုင်က ပြော သည်။

အဆိုပါလက်ဝှေ့ပွဲတွင် တွဲဆိုင်း ခုနစ်ဆိုင်းယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး အမျိုးသားတွဲဆိုင်း ခြောက်ဆိုင်းနှင့် အမျိုးသမီးတွဲဆိုင်း တစ်ဆိုင်းပါဝင်သည်။ အထူးစိန်ခေါ်ပွဲအဖြစ် မြန်မာ့လက်ဝှေ့ကျော် သွေးသစ်အောင်နှင့် မွေထိုင်း ခါးပတ်နှစ်ခု ချန်ပီယံ နောင်အို့တို့ ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။

အခြားစိန်ခေါ်ပွဲတွင် ရဲသွေးနီနှင့် မွေထိုင်းချန်ပီယံ ယော့ဆီလာ၊ ဒေါင်းဖြူလေးနှင့် မွေထိုင်း ချန်ပီယံ ယော့က၀မ်တို့ ထိုးသတ်မည် ဖြစ်သည်။

ပြည်တွင်းစိန်ခေါ်ပွဲများအဖြစ် ထွန်းတောက်ကြယ်နှင့် ပိုက်ထွေး၊ ၀မ်ချုံးနှင့် ၀မ်းဝမ်း၊ ဆန်းသူအောင်နှင့် စိန်မိုးပျံတို့ ထိုးသတ်မည်ဖြစ်ပြီး အမျိုးသမီးစိန်ခေါ်ပွဲတွင် နော်ဥမ္မာစိုးနှင့် စုလှိုင်ဦးတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါလက်ဝှေ့စိန်ခေါ်ပွဲကို MRTV-4 ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသရန် စီစဉ်နေကြောင်း ပွဲစီစဉ်သူ ကိုဖြိုးကိုကိုနိုင်က ပြောသည်။ လက်မှတ်ဈေးနှုန်းများကို ကျပ် ၅,၀၀၀၊ ကျပ် ၁၀,၀၀၀ နှင့် ကျပ် ၁၅,၀၀၀ သတ်မှတ်ထားပြီး မေလ ၂၂ ရက်တွင် စတင်၍ ရန်ကုန်နှင့် မော်လမြိုင်မြို့၌ ကြိုတင်ရောင်းချမည် ဖြစ်သည်။ 

Source: 7Days