လက်ရွေးစင်ပွဲ(၁၀၀)ပြည့်တွင် အသင်းခေါင်းဆောင် ဆွန်ဟောင်မင် ဖရီးကစ်မှ ဂိုးသွင်းယူ

စပါးအသင်းမှတောင်ကိုရီးယားတိုက်စစ်ကစားသမားဆွန်ဟောင်မင်သည် တနင်္လာနေ့ကချီလီအသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် လက်ရွေးစင် ကစားသမားဘဝ ပွဲ(၁၀၀)ပြည့်ခဲ့ပြီး အဆိုပါရာပြည့်ပွဲ၌ ဖရီးကစ်မှ ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

ဆွန်ဟောင်မင်သည်တောင်ကိုရီးယားလက်ရွေးစင်အဖြစ် ၂၀၁၀ ခုနှစ်တွင် စတင်ရွေးချယ်ခံခဲ့ရပြီး (၁၂)နှစ်အကြာ၌ ပွဲ(၁၀၀)ပြည့် မြောက်ခဲ့ ခြင်းဖြစ်သည်။လက်ရှိအချိန်၌ တောင်ကိုရီးယားလက်ရွေးစင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေရပြီဖြစ်သည့်ဆွန်ဟောင်မင်သည် အသင်း အတွက် ပွဲ(၁၀၀)ပြည့်ကစားနိုင်သည့် (၁၆)ဦးမြောက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ထို့ပြင် မကြာမီ ပွဲအများဆုံးကစားသမား (၁၀)ဦးစာရင်းထဲ ပါဝင်လာရန် နီးစပ်နေပြီဖြစ်သည်။

ဆွန်ဟောင်မင်သည် တောင်ကိုရီးယားအသင်းအတွက်(၃၂)ဂိုး မြောက်သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီးတောင်ကိုရီးယား လက်ရွေးစင်အသင်း၏သမိုင်း တစ်လျှောက် ဂိုးသွင်းအများဆုံးထိပ်ဆုံး(၃)ဦးစာရင်းထဲ ရောက်ရှိရန်လည်း နီးစပ်လာကြောင်း သိရသည်။