ချန်ပီယံကာကွယ်ပွဲအဖြစ် ဘရာဇီးနိုင်ငံသားလီအန်ဒရိုနှင့်ယှဉ်ပြိုင်ရမည့်အပေါ် စိတ်လှုပ်ရှားမိကြောင်း အောင်လအန်ဆန်ဆို

အပြင်းအထန်လေ့ကျင့်နေသည့် အောင်လအန်ဆန် (ဓာတ်ပုံ − Aung La Nsang(Burmese Python))

MMA (One Champ-ionship) ပြိုင်ပွဲ မစ်ဒယ်ဝိတ်တန်း ချန်ပီယံလုပွဲတွင် ဘရာဇီးနိုင်ငံ သား လီအန်ဒရိုနှင့် ယှဉ်ပြိုင်ထိုး သတ်ရမည့်အပေါ် စိတ်လှုပ်ရှားမိကြောင်း လက်ရှိ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် က ပြောသည်။

အဆိုပါကမ္ဘာ့ချန်ပီယံလုပွဲကို ဇွန်လ ၂၉ ရက်တွင် ရန်ကုန်မြို့အမျိုးသားအားကစားရုံ-၁ သုဝဏ္ဏ၌ ကျင်းပမည် ဖြစ်ပြီး လီအန်ဒရို သည် လက်သီးထိုးချက်၊ ခြေကန်ချက်၊ ဒူးတိုက်ချက်များနှင့် ပွဲသိမ်းတတ်သောကြောင့် ချန်ပီယံလုပွဲကို စိတ်လှုပ်ရှားမိကြောင်း ၎င်းက ဆိုသည်။

‘‘လီအန်ဒရိုဆိုတဲ့ ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲအတွက် ကျွန်တော်အရမ်းပဲစိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးမှာ လက်သီးတွေ၊ ခြေကန်ချက်တွေ ဒူးတိုက်ချက်တွေနဲ့ ပွဲသိမ်းနိုင်မယ့် အခြေအနေရှိကြတယ်။ ဒါဟာ တကယ့်စိတ်လှုပ်ရှားစရာဖြစ်ပါတယ်’’ဟု အောင်လအန်ဆန်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

အောင်လအန်ဆန်သည် လက်ရှိ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံအပြင် လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ ခါးပတ်တို့ကို ထိန်းသိမ်းနိုင်ရန် လေ့ကျင့်နေပြီး ပရိသတ်များအတွက် အကောင်းဆုံးကြိုးစားနေကြောင်း ဆိုသည်။

အောင်လအန်ဆန်သည် လက်ရှိတွင် အဆိုပါမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအတွက် ဧပြီလဆန်းက စတင်ကာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် နေ့စဉ်လေ့ကျင့်နေသည်။ ယခုနှစ်အတွင်း One Championship က ပြုလုပ်မည့် MMA ၀ိတ်တန်းနှစ်ခုစလုံး၏ ချန်ပီယံကာကွယ်ပွဲများကို ထိုးသတ်မည် ဖြစ်ကြောင်း အောင်လအန်ဆန်က ပြောသည်။

‘‘ကျွန်တော့်အနေနဲ့ ကမ္ဘာ့ချန်ပီယံဆီက ခါးပတ်ကို လွှဲပြောင်းရယူနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားမှာပါ။ ကျွန်တော် အကောင်းဆုံး ပြင်ဆင်ပြီးမှ ပြိုင်ပွဲကို ယှဉ်ပြိုင်မှာပါ။ ကျွန်တော့်အိပ်မက်က ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ပါပဲ’’ဟု လီအန်ဒရို က ပြောကြားထားသည်။ မြန်မာ့စပါးအုံးဟု ကျော် ကြားသည့် အောင်လအန်ဆန် သည် ၂၀၁၇ ဇွန်လ ၃၀ ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲ၌ ရုရှားနိုင်ငံသား ဘစ်တာလီဘစ်ဒက်ရှ်ကို အမှတ်ဖြင့် အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သည်။

ထို့နောက် ယခုနှစ်ဖေဖော် ၀ါရီ ၂၃ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် MMA လိုက်ဟဲဗီး ၀ိတ်တန်း ကမ္ဘာ့ချန်ပီယ လုပွဲတွင် ဘရာဇီးနိုင်ငံသား မာချာဒိုကို ၅၆ စက္ကန့်၌ ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူကာ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ် ထပ်မံရရှိခဲ့သည်။

အသက် (၃၃) နှစ်အရွယ် အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတစ်လျှောက် ၃၂  ပွဲယှဉ်ပြိုင် ပြီး ၂၂ ပွဲနိုင်၊ ၁၀ ပွဲ ရှုံးနိမ့်ထားသည်။ အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်မည့် လီအန်ဒရိုသည် အသက် (၃၁) နှစ်အရွယ်ရှိပြီး MMA ပြိုင်ပွဲတစ်လျှောက် ၁၁ ပွဲယှဉ်ပြိုင်ပြီး ရှစ်ပွဲနိုင်၊ သုံးပွဲရှုံးနိမ့်ထားသည်။

Source: 7Days