ဖိလစ်ပိုင် တရားသူကြီးချုပ် ထုတ်ပယ်ခံရမှု ဆီးနိတ်အမတ်များ မကျေနပ်

ဖိလစ်ပိုင် တရားရုံးချုပ်က ထုတ်ပယ်ခံရတဲ့ တရားသူကြီးချုပ် ကိစ္စနဲ့ပတ်သက်ပြီး ဒါဟာ အလွန်အန္တရာယ်ကြီးတဲ့ မကောင်းတဲ့ အစဉ်အလာဖြစ်တာကြောင့် ပြန်လည်စဉ်းစားပေးဖို့ ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် တဝက်ကျော်က တရားရုံးချုပ်ကို စာရေးပန်ကြားလိုက်ပါတယ်။

ဖိလစ်ပိုင် အထက်လွှတ်တော်မှာ အမတ် ၂၃ ဦးရှိတဲ့အနက် ၁၄ ဦးက ကြာသာပတေးနေ့က လက်မှတ်ရေးထိုး စာပေးပို့လိုက်တာဖြစ်ပါတယ်။ သူတို့ထဲမှာ ၈ ဦးဟာ သမ္မတ Duterte ပါတီက ဖြစ်ကြပါတယ်။

တရားသူကြီးချုပ်ဟာ သမ္မတ ဒူတာတေးကို ဝေဖန်ခဲ့တာကြောင့် တရားရုံးချုပ်မှာ တရားသူကြီးတွေက မဲခွဲခဲ့ရာမှာ ၈ မဲ၊ ၆ မဲနဲ့ တရားသူကြီးချုပ်ကို ပြီးခဲ့တဲ့အပတ်က ထုတ်ပယ် လိုက်တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပယ်ခံရတဲ့ အမျိုးသမီးတရားသူကြီးချုပ်က သူဟာ ဘာပြစ်မှုမှ ကျူးလွန်ခဲ့ခြင်း မရှိဘူးလို့ ပြောခဲ့သလို သူ့ရှေ့နေကလည်း ဒီကိစ္စအတွက် အယူခံတင်မယ်လို့ ပြောဆိုပါတယ်။

-Ref; RFA