နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေး ဆက်လက်အားဖြည့်ရန် တရုတ်နှင့် ဂျပန် သဘောတူ

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ဟာ ရုရှားနိုင်ငံ ဆိပ်ကမ်းမြို့ ဗလာဒီဗိုစတော့မှာ ကျင်းပတဲ့ အရှေ့ပိုင်းစီးပွားရေးဖိုရမ်နဲ့ ဆက်စပ် ဆွေးနွေးပွဲအတွင်း စက်တင်ဘာ ၁၂ ရက်က တွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံကြား အပြန်အလှန် ဆက်ဆံရေး ဆက်လက်အားဖြည့်ဖို့ အစည်းအဝေးအတွင်း သဘောတူခဲ့ကြတယ်လို့ တရုတ်အစိုးရမီဒီယာ စီစီတီဗွီက ပြောပါတယ်။

အောက်တိုဘာလမှာ ဂျပန်ဝန်ကြီးချုပ်က တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ရေး စီစဉ်လုပ်ဆောင်ဖို့ သဘောတူခဲ့တယ်လို့ အာဘေးက ပြောပါတယ်။

ဒါဟာ အာရှပြိုင်ဘက်နှစ်နိုင်ငံကြား ဆက်ဆံရေး နွေးထွေးတဲ့ နောက်ဆုံးလက္ခဏာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယား နျူကလီးယားလက်နက် ဖြုတ်သိမ်းရေး ပန်းတိုင်နဲ့ ကမ္ဘာ့ငြိမ်းချမ်းကြွယ်ဝရေးအတွက် ဂျပန်နဲ့ တရုတ်မှာလည်း တာဝန်ရှိတယ်ဆိုတဲ့ အမြင်ကို ရှီနဲ့ အာဘေးတို့ မျှဝေခဲ့ကြတယ် လို့လည်း အာဘေးက ပြောခဲ့ပါတယ်။  -DVB