ကွန်ဂိုနိုင်ငံတွင် အီဘိုလာရောဂါ ပြန့်ပွားမှု မြင့်တက်လာကြောင်း သတိပေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပို့ဆောင်ခဲ့သော အီဘိုလာရောဂါကာကွယ်ဆေးများ ကွန်ဂိုနိုင်ငံသို့ ရောက်ရှိလာစဉ် (Kenny Katombe/REUTERS)

လူဦးရေတစ်သန်း ခန့် နေထိုင်သော မက်ဘန်ဒါကာ မြို့တွင် ပထမအကြိမ် အီဘို လာဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးနောက် ကွန်ဂိုနိုင်ငံတွင် အီဘိုလာရောဂါ ပြန့်ပွားမှု နောက်တစ်ဆင့် မြင့် တက်လာနေကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ပြောသည်။

ကွန်ဂိုနိုင်ငံ၏ ဝေးလံခေါင် ဖျားသော ဒေသများ၌ လက်ရှိပြန့် ပွားနေသော အီဘိုလာရောဂါ ကြောင့် သေဆုံးသူ ၂၃ ဦးထိ ရှိ လာသော်လည်း ယင်းသို့ ဝေးလံသော ဒေသများတွင် ရောဂါဖြစ် ပွားနေခြင်းက ဗိုင်းရပ်စ်ပြန့်ပွားမှု ကို ကန့်သတ်တားဆီးရန် အာဏာပိုင်များ အခွင့်သာနေသည်။

 သို့သော် မြို့ပြဒေသဖြစ်သည့် မက်ဘန်ဒါကာမြို့တွင် အီဘိုလာရောဂါပိုး ပထမဆုံးတွေ့ရှိမှုက ယင်းအခွင့်အရေး ကို ခြိမ်းခြောက်နေသည်။

ဗုဒ္ဓဟူးနေ့တွင် ကွန်ဂိုနိုင်ငံသို့ အီဘိုလာရောဂါကာကွယ်ဆေးများ ပို့ဆောင်ခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယင်းဗိုင်းရပ်စ်ပိုး မက်ဘန်ဒါကာ မြို့သို့ ရောက်ရှိလာသဖြင့် ရောဂါပြန့်ပွားမှု ထိန်းချုပ်ရန် ခက်ခဲနိုင်၍ စိုးရိမ်နေကြောင်း ပြောခဲ့သည်။

မက်ဘန်ဒါကာမြို့သည် မြို့ တော်ကင်ရှာဆာသို့ ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အဓိကအရေးပါသည့် ကွန်ဂိုမြစ်ကမ်းပါးပေါ်တွင် တည်ရှိနေသည်။

‘‘အီဘိုလာရောဂါပြန့်ပွားမှုက နောက်တစ်ဆင့်မြင့်တက်လာပြီ။ အခုဆိုရင် မြို့ပြဒေသတစ်ခု အပါအဝင် ရောဂါဖြစ်ပွားမှုဇုန် သုံးနေရာရှိလာပါပြီ။ မက်ဘန်ဒါကာမြို့မှာ အီဘိုလာဗိုင်းရပ်စ်ပိုး တွေ့တယ်လို့ ကြေညာ ပြီးကတည်းက ကျွန်တော်တို့ရဲ့ ရောဂါပြန့်ပွားမှုကာကွယ်ရေး ဝန်ထမ်းတွေက ရောဂါပိုးကူးစက်ခံရတဲ့ သံသယရှိ လူနာတွေကို  ရှာဖွေဖို့ ကွင်းဆင်းဆောင်ရွက်ခဲ့ ပါတယ်’’ဟု ကျန်းမာရေးဝန်ကြီး အိုလီအိုင်လန်ဂါက ထုတ်ပြန်ချက် တွင် ပြောသည်။

၁၉၇၀ ပြည့်နှစ်က ကွန်ဂို မြောက်ပိုင်းရှိ အီဘိုလာမြစ်အနီးတွင် စတင်ဖြစ်ပွားခဲ့သော ထို ရောဂါသည် ယခုအခါ ကွန်ဂိုနိုင်ငံ ၌ ကိုးကြိမ်မြောက် စံချိန်တင်ဖြစ် ပွားခြင်းဖြစ်သည်။

 အီဘိုလာရောဂါလက္ခဏာများမှာ ဖျားနာခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ခြင်းအပြင် ခန္ဓာ ကိုယ်အတွင်း၊ အပြင်သွေးထွက် လွန်ခြင်းနှင့် သွေးကြောများ ပျက်စီးခြင်း တို့ဖြစ်သည်။

WHO က ပေးပို့သည့် ကာကွယ်ဆေး ပထမအသုတ် ၄,၀၀၀ သည် ဗုဒ္ဓဟူးနေ့တွင် မြို့တော် ကင်ရှာဆာသို့ ရောက်ရှိလာပြီး လာမည့်သီတင်းပတ် အစောပိုင်းတွင် အီဘိုလာကာကွယ်ဆေး စ တင် ထိုးနှံပေးမည်ဟု ကျန်းမာရေး ဝန်ကြီးက ပြောသည်။ 

—Ref: Reuters