ရက် ၁ဝဝ ဘယ်ကလာသလဲ

ရက် ၁ဝဝ… ရက် ၁ဝဝ ဟု ဖက်ရှင်လုပ် သုံးစွဲခေါ်ဝေါ်နေကြသော်လည်း အမောင် တောင်မှန်း မြောက်မှန်းမသိသူ၊ မြင်းစီးပြီး ဘာမြင်းလဲမသိသူတွေက များပါသည်။ ၎င်းရက် ၁ဝဝ ဆိုသည့် ဝေါဟာရသည် အမေရိကန်သမ္မတတစ်ယောက် ပထမလေးနှစ် သက်တမ်းအတွင်း ပထမဆုံး ဖြတ်သန်းလုပ်ဆောင်သည့် ရက်ပေါင်း ၁ဝဝ ကို ရည်ညွှန်းခြင်းဖြစ်သည်။

တစ်နည်း အသားကျပြီး ဒီမိုကရေစီနိုင်ငံကြီးများတွင် အစိုးရအဖွဲ့သစ်တစ်ခု တက်လာသည်နှင့် ရက်ပေါင်း ၁ဝဝ အတွင်း လှုပ်ရှားမှုများကိုကြည့်ပြီး အဆိုပါအစိုးရ၏ အကောင်းအဆိုး အလား အလာကို အကဲဖြတ်ချင့်တွက်ကြရသည်။ သူ့အရပ်နှင့် သူ့ဇာတ်မို့ မည်သို့မျှမပြောလိုပါ။ သို့သော် သူတို့နိုင်ငံမျိုးတွေမှာပင် အဆိုပါ ရက် ၁ဝဝ အကဲဖြတ်ချက်က အခါခပ်သိမ်း မမှန်တတ်သည်ကို သတိပြုမိသည်။
၎င်းရက် ၁ဝဝ ဝေါဟာရကို ၁၉၃၃ ဇူလိုင် ၂၄ ရက်တွင် အမေရိကန်သမ္မတ ဖရင်ကလင်ဒီရုစဗဲ့ ရေဒီယိုမိန့်ခွန်းတွင် စတင်သုံးစွဲခဲ့သည်ကို မှတ်တမ်းများ၌ တွေ့ရသည်။ အမေရိကန်သမ္မတဂျော့ဘုရှ် (အငယ်) ဆိုလျှင် အဆိုပါရက် ၁ဝဝ အတွင်းမှာပဲ တက္ကဆပ်ကောင်းဘွိုင် အမည်ဆိုးရခဲ့သည်ကို တွေ့ရသည်။ လူထု၏ချက်ချင်းတုံ့ပြန်မှု ဟုခေါ်ရမည်။

လက်ရှိအမေရိကန်သမ္မတဘားရက်အိုဘားမားကော ဘာထူးသနည်း။ အီရတ်စစ်ပွဲ သပွတ်အူ ကာလထဲ အိမ်ဖြူတော်ရောက်လာသူဖြစ်ရာ ရက် ၁ဝဝ အတွင်း ဘာမှထူးထူးခြားခြား ပြောင်းပြောင်း လဲလဲလုပ်မပြနိုင်ပါ။ လုပ်မရခဲ့ပါ။ ရက် ၁ဝဝ အကဲဖြတ်ချက်ဟူသည် ရေပေါ်လျှပ်ပြေး ခဲပြားလေးနှင့် တူပါမည်။ ခဏနှင့် ရေထဲမြုပ်သွားမည့်သဘော။ ဆိုင်ရာလူ့အဖွဲ့အစည်း၏ နောက်ခံအခင်းအကျင်းကို ထည့်သွင်းမစဉ်းစားဘဲ ဆန္ဒစွဲနှင့် အပေါ်ယံကျကျ ကြည့်မြင်ခြင်းမျိုးသည် ဖက်ရှင်ဖြစ်သော်လည်း တန်ဖိုးမရှိလှပါ။ ယင်းအကဲဖြတ်ချက်သည် မီဒီယာအသိုင်းအဝိုင်းမှလာခြင်းသာဖြစ်ပြီး ပညာရှင်အဖွဲ့ Think Tank များမှလာသည်မဟုတ်။ ပညာရှင်တို့က သုတေသနဖန်ပြားပေါ်တွင် အနုစိတ်ကြည့်ရှု တတ်သည့်သဘာဝရှိသည်။

အတွဲ ၄၊ အမှတ် ၁၄၂ ပြည်ထောင်စုနေ့စဉ် အယ်ဒီတာ့ အာဘော် မှ ကောက်နှုတ်ဖော်ပြပါသည်။

အပြည့်အစုံဖတ်ရှုရန် – http://uniondaily.net/News/DetailView_EditorView.aspx?id=50378&path=EditorView.aspx


Leave a Reply