တိုးမပေါက်တာတွေကြောင့် အမျိုးပျောက်မှာစိုး

ဒီမိုကရေစီစနစ်အောင်မြင်ဖို့ဆိုတာ တရားဥပဒေစိုးမိုးမှုရှိရေး အလျင်ဆောင်ရွက်ဖို့လိုပါတယ်။ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားပြဿနာများကို နိုင်ငံတစ်ဝန်းမှာ ယင်းဥပဒေနှင့် အညီ ထိရောက်စွာ စိစစ်ဆောင်ရွက်ပေးရေး နိုင်ငံတော်အစိုးရကို တိုက်တွန်းသည့်အဆိုကို ပြည်သူ့ လွှတ်တော်သို့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က မေ ၆ ရက်က တင်သွင်းခဲ့ပါတယ်။ ဒီလိုတင်သွင်းတဲ့အတွက် မေ ၂ဝ က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်း အဝေးမှာ အဆိုကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦး ထောက်ခံဆွေးနွေးခဲ့တာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံနယ်နိမိတ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများရော တိုင်းရင်းသား မဟုတ်သူ များပါ နိုင်ငံတွင်းရှိလူများအားလုံး မွေးသည်မှသေဆုံးသည် အထိ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကိုအခြေပြုပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အဆင့်ဆင့်တို့နဲ့ ဆက်စပ် ပတ်သက်ရပါတယ်။ နိုင်ငံသားဖြစ်ထိုက်သူ နိုင်ငံသားမဖြစ်သေးခြင်း၊ ဧည့်နိုင်ငံသားများ၊ နိုင်ငံသား မဖြစ်ထိုက်သူများ နိုင်ငံသားဖြစ်နေခြင်း၊ နိုင်ငံသားပြုခွင့်မရသူများရနေခြင်း စတဲ့ပြည်သူတွေရဲ့ ဝေဖန်သံတွေ ယနေ့တိုင်ကြားနေရပါတယ်။

နိုင်ငံတော်နှင့်ကိုက်ညီပြီး ကောင်းမွန်သည့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေရှိနေသော်လည်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းကို အချိန်နှင့်တစ်ပြေးညီ အောင်မြင်အောင် မဆောင်ရွက်နိုင်ခြင်းသည် ဝန်ထမ်းမလုံလောက်သည့်အတွက်လား၊ အဂတိတရားများ မကင်းသည့်အတွက်လား ပြည်သူများကြား အတွေးတွေ ပွားစရာဖြစ်ခဲ့သည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေသည် ကောင်းမွန်ပြည့်စုံ အားကိုးလောက်သည့် ဥပဒေတစ်ခုဖြစ် ပါသည်။ ဖော်ပြပါ ဘူးသီးတောင်၊ မောင်တောစသည့် နိုင်ငံနယ်စပ်တစ်လျှောက်နှင့် ရခိုင်ပြည်နယ်တွင် အရေအတွက်အားဖြင့် တစ်သန်းကျော်ခန့်ရှိနေရာ ထိုသူတို့ နိုင်ငံအတွင်း ဒေသအသီးသီးသို့ နည်းမျိုးစုံ ဖြင့် တစိမ့်စိမ့်ပျံ့နှံ့ဝင်ရောက် လျက်ရှိပါတယ်။

နယ်စပ်တစ်လျှောက်မှာပေးအပ်ထားသည့် နိုင်ငံ့ဝန်ထမ်းတာဝန်များကို ကိုယ်ကျိုးအတွက် အသုံးချနေမည်ဆိုပါက နိုင်ငံ၏နယ်စပ်ဒေသရှိ ပြည်နယ်များ၏ရှေ့ရေးဟာ မတွေးဝံ့စရာပါ။ အိမ်နီးချင်းနိုင်ငံရှိ လူမျိုးများ၏တစ်စတစ်စဝါးမျိုခြင်းကို ခံကြရမှာမလွဲပါ။ ဒီအတွက် နယ်စပ်ပြည်နယ်များအရေး သက်သက်ဟုမမြင်ဘဲ နိုင်ငံ့အရေး အမျိုးသားရေးအဖြစ်ခံယူပြီး ဝိုင်းဝန်းကာကွယ်တားဆီးကြရမှာဖြစ် ပါတယ်။ ပြည်သူလူထုကလည်း အရေးတကြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့လိုပါတယ်။

အဲဒီ ဘင်္ဂါလီကိစ္စနဲ့ပတ်သက်လို့ အခြေခံအကြောင်းတရားများသိရှိသည့် အစိုးရဟောင်း၏ သမ္မတ ဦးသိန်းစိန်က အမှန်တရားအတိုင်း ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံ တွင် မရှိပါဟု ကမ္ဘာကို ပြတ်သားစွာ ကြေညာခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် လူမျိုး ၁၃၅ မျိုးရှိရာ ၄င်းတို့ ပါဝင်ခြင်းမရှိကြောင်း တရားဝင် ကြေညာခဲ့ခြင်း လည်းဖြစ်သည်။


”ကျွန်တော်တို့နိုင်ငံမှာ ရိုဟင်ဂျာမရှိဘူးလို့ ကျွန်တော်ပြောလိုက်တယ်။ နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်ကလည်း ရိုဟင်ဂျာမရှိကြောင်း အတိအလင်းပြောထား ပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ဆိုတာမရှိဘူး။ ဘင်္ဂါလီဆိုတာတော့ရှိပါတယ်။ ဘင်္ဂါလီဆိုတာ ဘင်္ဂလားဒေသက လာတဲ့သူတွေမို့လို့ လွယ်လွယ်ကူကူ ဘင်္ဂါလီလို့ ခေါ်တာပေါ့။ ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး အင်္ဂလိပ် လက်အောက် ကိုလိုနီဖြစ်သွားတဲ့ ရခိုင်ဒေသကို ဘင်္ဂလားဒေသကနေ ခေါ်လာတဲ့သူတွေပါ။ သူတို့ ရောက်လိုက် ထွက်သွားလိုက်လုပ်ကြရာက ရောက်တာကများပြီး ထွက်သွားတာက နည်းနည်း အဲဒီအခါကျတော့ ဒီမှာတင်ကျန်နေခဲ့တာ” ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေ ၁၃ ရက် ပြည်တွင်းသတင်းမီဒီယာများနဲ့တွေ့ဆုံတဲ့ပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ”လုပ်မယ်လို့လည်း ပြောတယ်။ မှတ်တမ်းလည်း တင်ခိုင်းတယ်။ ရက် ၁ဝဝ စီမံကိန်းဆိုတာ စာရွက်ပေါ်မှာပဲ ရှိသေးတယ်။ ပြီးတော့ ကိုယ်စားလှယ်တွေကလည်း ဝိုင်းပြီးကူညီပါလို့ ပြောထားတယ်။ လုပ်မယ်ပေါ့။ လုပ်သင့်တယ်။ လုပ်မယ်ဆိုတာ ဝန်ကြီးက ထောက်ခံတယ်။ ပြီးမှ မှတ်တမ်းတင်ဖို့ ဒါကို လုပ်တယ်ဆိုတာတော့ ကျွန်တော်တို့ကတော့ သဘောမကျဘူးပေါ့နော်။ ဒါမဖြစ်သင့်ဘူးလို့ ထင်တယ်။ ဒီကိစ္စကို မြေပြင်မှာ စောင့်ကြည့်မယ်” လို့ မီဒီယာများကို ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရသစ်၏လွှတ်တော်သည် အစိုးရရဲ့အမိန့်တစ်စုံတစ်ရာကို စောင့်နေသည့် အဖြစ်ရောက်နေပြီလား၊ တစ်စုံတစ်ယောက်ရဲ့ သဘောဆန္ဒ အတိုင်း ဆောင်ရွက်ဖို့ အချိန်ယူနေတာလား၊ နိုင်ငံသားစိစစ်ရေးကိစ္စဟာ မြန်မာနိုင်ငံအတွက် မြန်မာနိုင်ငံသားတို့အတွက် ပထမဦးစားပေး အရေးကြီး ကိုင်တွယ် လုပ်ဆောင်ရမယ့် ကိစ္စဆိုတာ နိုင်ငံချစ်စိတ် အမျိုးသားရေးအမြင်ရှိသူတိုင်း သိပြီး ဖြစ်ပါတယ်။


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးပြောသလို ဒါမဖြစ်သင့်ဘူးလို့ထင်တယ်။ ဒီကိစ္စကို မြေပြင်မှာ စောင့်ကြည့်မယ်ဆိုလျှင်ဖြင့် အချိန်မနှောင်းမီ ဆက်ဆက် ဆောင်ရွက်ကြဖို့ သက်ဆိုင်ရာတို့ကို တိုက်တွန်းလိုက်ပါတယ်။ တိုးမပေါက်ဘဲ အမျိုးပျောက်သွားမှာ စိုးကြောက်မိလို့ပါ။

 

အတွဲ ၄၊ အမှတ် ၁၃၄ ပြည်ထောင်စုနေ့စဉ် အယ်ဒီတာ့အာဘော်


Leave a Reply