ကမ္ဘာ့ဂျူနီယာဂေါက်သီးရိုက်ချန်ပီယံ ဟိန်းစည်သူ ပြန်လည်ရောက်ရှိ

အမေရိကန်မှာကျင်းပခဲ့တဲ့  2017 American Junior ဂေါက်သီးရိုက်ပြိုင်ပွဲ World Junior Golf Series ပြိုင်ပွဲမှာ ချန်ပီယံဆုဖလားရရှိခဲ့တဲ့ မြန်မာလူငယ် ဂေါက်သီးအားကစားသမား ဟိန်းစည်သူဟာ ဇန်နဝါရီ ၉ ရက် ညပိုင်းက ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိလာပါတယ်။

ဒီဇင်ဘာ ၂၈ ရက်မှ ၃ဝ ရက်အထိ ကျင်းပခဲ့တဲ့ အဲဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၂ဝ ကျော်မှ အသက် ၂၁ နှစ်အောက် ကမ္ဘာ့အဆင့်ရှိ World Junior ဂေါက်သီးရိုက် ကစားသမားတွေ ဝင်ပြိုင်ကြရာ ဟိန်းစည်သူက သုံးရက်ပေါင်းရိုက်ချက် (၇၆ + ၇၃ + ၆၇) ၊ စုစုပေါင်းရိုက်ချက် ၂၁၆ (E) နဲ့  ချန်ပီယံဆုဖလားရရှိခဲ့တာပါ။

ဒုတိယဆုကို အိုက်စလန်နိုင်ငံ၊ တတိယဆုနဲ့ စတုတ္ထဆုကိုတော့ အိမ်ရှင် အမေရိကန် လူငယ်ဂေါက်သီးသမား တွေက ရရှိသွားပါတယ်။

ဒီပြိုင်ပွဲမှာ တခြား မြန်မာလူငယ် ဂေါက်သီးအားကစားသမား လေးဦးလည်း ဝင်ပြိုင်ရာမှာ ကောင်းမြတ်ကျော်က အဆင့် ၂၉၊ ဖြိုးဇံက အဆင့် ၃၁၊ မင်းသံလွင်အောင်က အဆင့် ၃၂ ရရှိခဲ့ပြီး အမျိုးသမီးကစားသမား ဖူးပွင့်ရတီခိုင်က အဆင့် ၉ ရရှိခဲ့ပါတယ်။   (DVB)