ဆန်းချက်ဇ်ကို ခေါ်ယူရန် ပေါင် ၂၅ သန်းသာမက မစ်ခီတာယန်ပါ အလိုက်ပေးမည်ဟု မော်ရင်ဟိုကမ်းလှမ်း

မန်ယူနည်းပြ မော်ရင်ဟိုသည် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသို့ ဖုန်းခေါ်ဆို၍ ဆန်းချက်ဇ်ကို ပေါင် ၂၅ သန်း ဖြင့် ခေါ်ယူရန်နှင့် မစ်ခီတာယန်အား အလိုက်ပေးရန် ဆွေးနွေးခဲ့သည်ဟု ဗြိတိန်သတင်းများက ဖော်ပြသည်။

ဆန်းချက်ဇ်သည် မန်ယူ၏ ပြိုင်ဘက်မန်စီးတီးသို့ ယခုလအတွင်း ပြောင်းရွှေ့ရန် သေချာသလောက်ရှိပြီး နည်းပြဟောင်း ဂွာဒီယိုလာနှင့် လက်တွဲရန် စိတ်အားထက်သန်နေသည်။ သို့သော် ဆန်းချက်ဇ်အတွက် မန်စီးတီးက ပေါင်သန်း ၂၀ သာ ပေးရန် ပြင်ဆင်ထားသည်။

မန်ယူက ပေါင် ၂၅ သန်း အပြင် အသင်းတွင် အထိုင်မကျ ဖြစ်နေသော မစ်ခီတာယန်ပါ အလိုက်ပေး၍ ကမ်းလှမ်းနေသည်။ မစ်ခီတာယန်သည် အာစင်ဝင်းဂါး စိတ်ဝင်စားဖူးသော ကစားသမားဖြစ်သည်။

၎င်းကလည်း မန်ယူမှ ထွက်ခွာရန် စိတ်အားထက်သန်နေပြီး အသင်းဟောင်း ဒေါ့မွန်သို့ ပြန်မည်ဟု သတင်းထွက်နေသည်။ သို့သော် မစ်ခီတာယန်၏ မြင့်မားသော လစာကြောင့် ဒေါ့မွန်သို့ ပြန်ရန် ခက်ခဲနေသည်။

မော်ရင်ဟိုက ဝင်းဂါးသို့ ဖုန်းခေါ်ဆိုသော်လည်း အပြောင်း အရွှေ့ဖြစ်မြောက်ရန် မနီးစပ်သေးဘဲ ကနဦးအဆင့် ဆွေးနွေးမှုသာ ရှိသေးသည်ဟု ဆိုသည်။

မန်စီးတီးအသင်းက ဒဏ်ရာ ရသွားသော ဂါဘရီရယ်ဂျီးဆပ်နေရာ၌ အရန်ထားရန် ဆန်းချက်ဇ်ကို အလိုရှိ သော်လည်း အာဆင်နယ်ထံ တရားဝင်ကမ်းလှမ်းမှု မရှိသေးပေ။

—Ref:The Independent