အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ မြင့်မားလာတာကြောင့် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းပြီး ပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့ဟာ ကိုရီးယား ကျွန်းဆွယ် တဝိုက် တပတ်ကြာပြုလုပ်မယ့် ရေတပ် စစ်ရေးလေ့ကျင့်ခန်းတွေကို အောက်တိုဘာ ၁၆ ရက်နေ့မှာ စတင်ခဲ့ကြတာပါ။ အမေရိကန်ရဲ့ နျူကလီးယားစွမ်းအင်သုံး USS Ronald Reagan လေယာဉ်တင် သင်္ဘောနဲ့ အမေရိကန် ရေငုပ်သင်္ဘော မီချီဂန်တို့ အပါအဝင် ၂ နိုင်ငံ စုစုပေါင်း ရေတပ်သင်္ဘော ၄၀ လောက် ပါဝင်လေ့ကျင့်ကြမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယား ရေတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ဒီနေ့ပဲ စစ်ရေးလေ့ကျင့်တာ စခဲ့ပါတယ်။ လေယာဉ်တင် သင်္ဘောနဲ့ တိုက်စစ်လေ့ကျင့်ရေးနဲ့ ပူးတွဲအထူးတပ်ဖွဲ့ တန်ပြန်တိုက်ခိုက်ရေးတွေအပြင် မြောက်ကိုရီးယားရဲ့ ပင်လယ်ပြင်အတွင်း ကျူးကျော်ရန်စမှုတွေကို တုံ့ပြန်ကာကွယ်နိုင်မယ့် ၂ နိုင်ငံ ပူးတွဲစစ်ရေး တိုးတက်စေမယ့် လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။ ရေပိုင်နက် နယ်နိမိတ်ရဲ့ တောင်ဘက်ခြမ်းမှာလည်း အခု စစ်ရေးလေ့ကျင့်မှု တွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြောက်ကိုရီးယားကတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စစ်ပွဲအကြို လေ့ကျင့် နေတာပဲလို့ ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ အဆက်မပြတ် လက်နက်စမ်းသပ်မှုတွေကြောင့် ကိုရီးယားကျွန်းဆွယ်ပေါ်က တင်းမာမှု တွေဟာ အခုသီတင်းပတ်တွေအတွင်းမှာပဲ ပိုမိုပြင်းထန်လာခဲ့ပါတယ်။

မြောက်ကိုရီးယားက သူတို့ရဲ့ ၆ ကြိမ်မြောက်နဲ့ အင်အားအပြင်းဆုံး နျူကလီးယား စမ်းသပ်မှုကို စက်တင်ဘာ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့သလို ဂျပန်နိုင်ငံပေါ်ကို ဖြတ်ကျော်ပြီး ဒုံးကျည် ၂ လုံး ပစ်လွှတ်ခဲ့တဲ့အပြင် အမေရိကန် ကိုလည်း စစ်မက်ရေးရာ စိန်ခေါ်မှုတွေ လုပ်ခဲ့ပါတယ်။

  (DVB)