ရီးရဲလ်ကို တိုက်စစ်မြှင့်၍ ယှဉ်ပြိုင်မည်ဟု စပါးနည်းပြ ကြွေးကြော်

ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းတွင် ဘာနေဗျူးကွင်းသို့ သွားရောက်ယှဉ်ပြိုင်စဉ် ရီးရဲလ်ကို ပွဲအစကတည်းက ရဲရဲရင့်ရင့်တိုက်စစ်မြှင့်တင်ကစားမည်ဟု စပါးနည်းပြ ပိုချက်တီနိုက ကြွေးကြော်သည်။

ရီးရဲလ်သည် ရော်နယ်ဒို တစ်ဦးတည်းကို အမှီပြုကစားနေသော အသင်းမဟုတ်ဘဲ ကစားသမားကောင်း အများအပြား ပိုင်ဆိုင်ထား သည့် အသင်းဖြစ်သည်ဟု ပိုချက်တီနိုက ပြောသည်။

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုသည် စပါးကို ဒဏ်ခတ်ရန် အသင့်ရှိသည်ဟု အသင်းဖော် အစ္စကိုက ပြောကြားစဉ် ရီးရဲလ် နည်းပြ ဇီဒန်းက စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ချီးကျူးပြီး ၎င်းသည်ပြီးပြည့်စုံသော ဘောလုံးသမား ဖြစ်လာသည်ဟု ပြောသည်။

အုပ်စု (H)တွင် နှစ်ပွဲစလုံး အနိုင်ရထားသော ယင်းနှစ်သင်းသည် ယခုပွဲတွင် အနိုင်ရသူက အုပ်စုဗိုလ်နေရာ ရရှိနိုင်မည်ဖြစ်သည်။ စပါးနည်းပြက‘‘ကျွန်တော်တို့ ပိုကောင်းအောင် ကြိုးစားသွားမှာပါ။ ဒါပေမဲ့ သူတို့ကို ထိန်းချုပ်ကစားနိုင်ဖို့ဆိုတာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုပဲဖြစ်ပါတယ်’’ဟု ပြောကြား သည်။

ရီးရဲလ်နှင့် ပွဲအတွက် နောက်တန်းလူ ရွေးချယ်ရန် အခက်ကြုံနေသည်ဟု ပိုချက်တီနိုက ပြောပြီး ဒါဗီးစ်၊ ဒန်နီရို့စ်၊ ဝမ်ယာမာ၊ လာမယ်လာတို့ ဒဏ်ရာကိုယ်စီဖြင့် ပါဝင်ရန် မသေချာဘဲ ပိုချက်တီနိုက နောက်တန်းသုံးဦးထား ကစားမည်ဟု မျှော်လင့်ရသည်။

ရီးရဲလ်တွင် ဂါရတ်ဘေးလ် သည် ဒဏ်ရာ ရာနှုန်းပြည့်ပြန်မကောင်းသေးသဖြင့် အသင်းဟောင်းနှင့် ပွဲ ပါဝင်ရန် မသေချာသော်လည်း ဘန်ဇီးမားမှာ ပါဝင်ရန် သေချာနေသည်။ ရီးရဲလ် တိုက်စစ်မှူး အစ္စကိုက ရော်နယ်ဒိုသည် ပွဲကို အဆုံးအဖြတ်ပေးသူဖြစ်ပြီး စပါးကို ဒဏ်ခတ်ရန် အသင့်ဖြစ်နေသည်ဟု ပြောသည်။ စပါးမှ အယ်လ် ဒါစီရက် က ရီးရဲလ်ကိုသာ လေးစားသမှု ပြသရန် မဟုတ်ဘဲ မိမိတို့ကိုပါ လေးစားသမှုရှိရန် ပြောကြားသည်။

—Ref:Agencies