ဝေဖန်မှုများ ကြုံတွေ့နေသော VAR စနစ်ကို လာမည့်ရာသီ ချန်ပီယံလိဂ်တွင် အသုံးပြုမည်ဟု ယူအီးအက်ဖ်အေ အတည်ပြု

နိုင်ငံ့လက်ရွေးစင်အသင်းနည်းပြအချို့၏ ဝေဖန်မှုများ၊ ကလပ်အသင်းနည်းပြများ၏ ဝေဖန်ထောက်ပြခြင်းများနှင့် ရင်ဆိုင်နေရသော ဗီဒီယိုအထောက်အကူပြု ဒိုင်စနစ် (VAR) ကို လာမည့် ၂၀၁၉-၂၀ ဘောလုံးရာသီတွင် ချန်ပီယံလိဂ်၌ အသုံးပြုမည်ဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က အတည်ပြု ကြေညာသည်။
VAR စနစ်ကို ၂၀၁၉ ယူ အီးအက်ဖ်အေစူပါဖလား၊ ယူရို ၂၀၂၀ နှင့် ၂၀၂၁ ယူအီးအက်ဖ် အေနိုင်ငံများဖလား ဗိုလ်လုပွဲတို့ တွင် အသုံးပြုမည့်အပြင် ယူရိုပါ လိဂ် ၂၀၂၀-၂၁ ရာသီတွင်လည်း အသုံးပြုရန်စီစဉ်ထားသည်။

ယခုနှစ်ရုရှားကမ္ဘာ့ဖလား တွင်လည်း အသုံးပြုခဲ့ကာ ကျွမ်း ကျင်သူများ၏ ဝေဖန်မှုအချို့နှင့် ရင်ဆိုင်ခဲ့ရသော VAR စနစ်ကို အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ ယူအီးအက်ဖ်အေက တားဆီးမှုများကို ခုခံကာ လာမည့်နှစ်များ တွင် အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။

လာမည့်ရာသီချန်ပီယံလိဂ်တွင် VAR စနစ် ထိရောက်စွာ အသုံးပြုနိုင်ရေး အရာရှိများကို လေ့ကျင့် သင်ကြားပေးမည်ဖြစ်ကြောင်း ယူအီးအက်ဖ်အေဥက္ကဋ္ဌ အလက်ဇန်းဒါးစီဖရင်က ကြေညာချက်တစ်ရပ်၌ ဖော်ပြသည်။

VAR စနစ်သည် လောလောဆယ် လိုအပ်ချက်ရှိသော ဆုံးဖြတ်ချက်များ ထွက်ပေါ်စေသည်ဟု ပရီးမီးယားလိဂ် ထိပ်သီး နည်းပြများအပါအဝင် ဥရောပ ထိပ်သီးနည်းပြများက ထောက်ပြ ပြောဆိုပြီး နောင်တွင် ပြီးပြည့်စုံသော နည်းစနစ်တစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ပြောဆိုထားသည်။

VAR စနစ်ကို လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါ၊ လီဂူးဝမ်းနှင့် ပေါ်တူဂီ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ပွဲအများစု၌ အသုံးပြုနေသည်။ ပရီးမီးယားလိဂ်ကလည်း VAR သုံးစွဲမှုကို လာမည့်ရာသီတွင် လက်ခံကြိုဆိုမည်ဟု မျှော်လင့်ရသည်။

—Ref:ESPN