မြောက်ကိုရီးယားက စစ်တပ်နှစ်ပတ်လည်နေ့မှာ နျူဒုံးကျည် အများဆုံး ထုတ်ဖော်ပြသ

မြောက်ကိုရီးယားနိုင်ငံက သူတို့နိုင်ငံရဲ့ စစ်တပ်တည်ထောင်ခြင်း(၇၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အနေနဲ့ စစ်ရေးပြ အခမ်းအနားပြုလုပ်ခဲ့ကာ အရင်ကထက် များပြားတဲ့ တိုက်ချင်းပစ်ဒုံးကျည်( ICBM ) တွေကို ထုတ်ဖော်ပြသခဲ့ပြီး ဒုံးကျည်ထုတ်လုပ်နိုင်စွမ်းကို ပြသတာဖြစ်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ပြောကြားပါတယ်။

အဲဒီ အခမ်းအနားကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် က ဆွေစဉ်မျိုးဆက် ဆက်ခံတဲ့ အာဏာရှင် တိုင်းပြည်ရဲ့ အနာဂတ် ခေါင်းဆောင်းအဖြစ် ရူမြင်ကြတဲ့ သူ့ရဲ့ သမီးဖြစ်သူနဲ့အတူ တက်ရောက်ခဲ့ပါတယ်။

ပွဲမှာ ပြသခဲ့တဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေက မြောက်ကိုရီးယားနိုင်ငံရဲ့ အကြီးမားဆုံးသော နျူကလီးယားစွမ်းရည်ကို ပြသတာဖြစ်ကြောင်းနဲ့ နည်းဗျူဟာမြောက် လက်နက်တွေလည်း ပါဝင်ခဲ့ကြောင်း KCNA သတင်းဌာန က ပြောကြားပါတယ်။

နိုင်ငံတော်ရုပ်သံကပြသခဲ့တဲ့ ပုံရိပ်တွေမှာ နျူကလီးယားထိပ်ဖူးတပ်ကာ ကမ္ဘာကြီးရဲ့ဘယ်နေရာကိုမဆို တိုက်ခိုက်နိုင်တဲ့ မြောက်ကိုရီးယားရဲ့ အကြီးမားဆုံးဒုံးကျည်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က စမ်းသပ်ခဲ့တဲ့ ဟွာဆန်-၁၇ ဒုံးကျည် ၁၁ စင်း အထိပါဝင်တာကို တွေ့ရပါတယ်။

“ဒါက မြောက်ကိုရီးယားရဲ့ စစ်ရေးပြပွဲတွေမှာ ကျွန်တော်တို့ မြင်တွေ့ဖူးသမျှ အများဆုံး တိုက်ချင်းပစ် ဒုံးကျည်တွေ ဖြစ်ပါတယ်” လို့ အမေရိကန် အခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးဆိုင်ရာ ကာနက်ဂျီစင်တာမှ ပညာရှင် အန်ကစ်ပန်ဒါ  က တွစ်တာပေါ်မှာပြောကြားပါတယ်။

-Ref; Reuters