မြောက်ကိုရီးယား အရှေ့ပိုင်းတွင် တိုက်လေယာဉ်များ အပါအဝင် စစ်တပ်များ လှုပ်ရှားဖြန့်ကျက်နေ

မြောက်ကိုရီးယားသည် အရှေ့ဘက် ကမ်းခြေတွင် စစ်တပ်များ နေရာရွှေ့ပြောင်း လှုပ်ရှားမှုများ ပြုလုပ်လျက် ရှိနေကြောင်း သိရသည်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ရီယောင်ဟိုက အမေရိကန်သည် မိမိတို့ကို စစ်ကြေညာထားပြီဟု ယူဆထားကြောင်းနှင့် ရန်စခြိမ်းခြောက်လာသည့် အမေရိကန် မဟာဗျူဟာ ဗုံးကြဲလေယာဉ်များကို ပစ်ချရန် အသင့်ရှိနေကြောင်း ပြောဆိုခဲ့ပြီးနောက် အရှေ့ဘက် ကမ်းခြေသို့ MiG-29 ဂျက်တိုက်လေယာဉ်များ၊ ဒုံးကျည်များနှင့် လောင်စာကန်များကို မြောက်ကိုရီးယားက ရွှေ့ပြောင်း နေရာချနေခြင်း ဖြစ်သည်။

ကိုရီးယား ကျွန်းဆွယ်ကို ဗဟိုပြုကာ နျူကလီးယား စစ်ပွဲကြီးတစ်ခု ပေါ်ပေါက်လာမည်ကို စိုးရိမ်နေသည့် နိုင်ငံတကာ အစိုးရများက ထိုအခြေအနေကို အလေးအနက် စောင့်ကြည့်နေသည်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကမူ မြောက်ကိုရီးယား အရေးကို ကိုင်တွယ်ရာ၌ လိုအပ်သည်ဟု ယူဆပါက စစ်ရေးဖြင့် ဖြေရှင်းသည့် နည်းလမ်းကိုလည်း ကျင့်သုံးမည်ဖြစ်ကြောင်း ထပ်မံ အတည်ပြု ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် တိုက်ချင်းပစ်ဒုံးကျည် လက်နက် စမ်းသပ်မှုများကြောင့် အမေရိကန်နှင့် ဆက်ဆံရေးမှာ ထရမ့်လက်ထက်တွင် အဆိုးရွားဆုံး အဆင့်သို့ ရောက်ရှိလာသည်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင်လည်း နှစ်နိုင်ငံစလုံးက ပြင်းထန်သော စကားလုံးများဖြင့် အပြန်အလှန် ပုတ်ခတ် ဝေဖန်ခဲ့ကြ သည်။

Ref: Metro