နယူးဒေလီဆေးရုံမှ ကျောက်ကပ်ရောင်းဝယ်ရေးဂိုဏ်းအား ဖမ်းဆီး

160212181944-surgery-exlarge-169

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှ ထင်ရှားသော ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် လူသားတို့၏ ကျောက်ကပ်များအား တရားမ၀င် ရောင်းဝယ်နေသော အဖွဲ့ကို ဖော်ထုတ်လိုက်သည်ဟု အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားသည်။

Apollo ဆေးရုံ၏ ၀န်ထမ်းနှစ်ဦးအပါအ၀င် ယခုအချိန်ထိ လူငါးဦးကို ဖမ်းဆီးထားသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

၎င်းတို့သည် ကန်ဒေါ်လာ ၇၅၀၀ အထိ ဈေးပေး၍ ကျောက်ကပ်များ ရောင်းရန် ဆင်းရဲသားများအား သွေးဆောင် စည်းရုံးပြီး အမြတ်များများဖြင့် ပြန်ရောင်းသည်ဟု မသင်္ကာဖြစ်နေကြသည်။

မိမိတို့မှာ ယင်းကိစ္စကြောင့် ဒုက္ခရောက်ရပြီး ဆရာဝန်များမှာလည်း လိမ်ညာခံခဲ့ရသည်ဟု ဆေးရုံက ပြောကြားသည်။

ဆင်းရဲသားများက ၎င်းတို့၏ ဆွေမျိုးသားချင်းများအတွက် ကျောက်ကပ်လှူဒန်းသည်ဟု အယုံသွင်း၍ ဂိုဏ်းအဖွဲ့ဝင် များက စာရွက်စာတန်းများကို အတုလုပ်ခဲ့ကြသည်ဟု သံသယရှိနေကြသည်။

ယင်းမှာ အလွန်စိုးရိမ်ဖွယ်ရာကိစ္စဖြစ်ပြီး ရဲတပ်ဖွဲ့နှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်နေသည်ဟု Apollo ဆေးရုံက ပြောကြားသည်။

လူနာနှင့် ဆရာဝန်များ လိမ်ညာရန် စနစ်တကျ အကွက်ချ လုပ်ကိုင်ခဲ့သော လုပ်ငန်းဖြစ်ပြီး ပါဝင်သူများအား အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးရန် ရဲတပ်ဖွဲ့အား တိုက်တွန်းကြောင်း ဆေးရုံတာဝန်ရှိသူက ပြောကြားသည်။

အစားထိုးကုသရန် အစိတ်အပိုင်းများ အလွန်ရှားပါးသဖြင့် အိန္ဒိယတစ်ဝန်းတွင် ခန္ဓာကိုယ်အစိတ်အပိုင်း ရောင်းဝယ်မှု မှောင်ခိုဈေးကွက်ကို အားပေးနေသည်။

 

-Ref: BBC


Leave a Reply