အမေရိကန် နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဌာန က မြောက်ကိုရီးယား နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှု အသစ် များ ထပ်မံ ကြေညာ

ဝါရှင်တန် ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံဘဏ္ဍာရေး ဝန်ကြီးဌာနက စက်တင်ဘာ ၂၆ ရက်နေ့၌ မြောက်ကိုရီးယားနိုင်ငံ၏ လူအစု လိုက်အပြုံလိုက် သေစေနိုင်သော လက်နက်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ထောက်ခံအားပေးခဲ့သည့် မြောက်ကိုရီးယားနိုင်ငံမှ ဘဏ် ၈ ခုနှင့် လူပုဂ္ဂိုလ် ၂၆ ဦးကို ပိတ်ဆို့အရေးယူကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ပိတ်ဆို့အရေးယူမှု ပြုလုပ်ခံရသည့် လူပုဂ္ဂိုလ်များသည် မြောက်ကိုရီးယား နိုင်ငံဘဏ်များ၏ ပြည်ပ ကိုယ်စားလှယ်များဖြစ်ကြပြီး ၄င်းတို့၏ အမေရိကန် နိုင်ငံ အတွင်းရှိ ပိုင်ဆိုင်မှု အားလုံး ကို ထိန်းချုပ်သွားမည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။ အမေရိကန်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးက အမေရိကန်နိုင်ငံအနေဖြင့် ယခု ပြုလုပ်သည့် ပိတ်ဆို့အရေးယူမှုသည် ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးအတွက် တွန်းအား ဖြစ်စေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က လတ်တလော ရက်ပိုင်းတွင် ကုလသမဂ္ဂ ညီလာခံ၌ မြောက် ကိုရီးယား နိုင်ငံကို အလုံးစုံ ဖျက်ဆီးမည်ဟု ပြောကြားခဲ့ပြီးနောက်တွင် စက်တင်ဘာ ၂၁ ရက်နေ့၌ မြောက်ကိုရီးယား နိုင်ငံအပေါ် ဖိအားပေးဆောင်ရွက်မှု များတိုးမြှင့်ကာ ပိတ်ဆို့အရေးယူမှု အသစ်များလည်း ဆောင်ရွက်ခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံ သမ္မတ ကင်ဂျုံအမ်း မှလည်း တုံ့ပြန်ဆောင်ရွက်မှုများကို ခိုင်မြဲစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည် ဟု သိရှိခဲ့ရသည်။

   (Xinhua)