ဂျပန်တွင် မုန်တိုင်းအန္တရာယ် အပြင်းထန်ဆုံး သတိပေးချက် ထုတ်ပြန်

ဂျပန်နိုင်ငံ အနောက်တောင်ဘက် ကမ်းရိုးတန်းဒေသမှာ မုန်တိုင်းတခု ချဉ်းကပ်လာတာကြောင့် မိုးများ၊ ရေကြီးတာတွေအတွက် အပြင်းထန်ဆုံး သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂ လလောက်က ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးရေကြီးမှု ကြုံရပြီး အနည်းဆုံး လူ ၃၀ သေခဲ့ရတဲ့ ဒေသ အပါအဝင် ဂျပန်နိုင်ငံရဲ့ အနောက်တောင်ပိုင်းမှာ လှိုင်းကြီးတာတွေ၊ မိုးများရေလျှံတာတွေအတွက် သတိပေးချက် အမြင့်ဆုံးအဆင့်ကို ဂျပန်မိုးလေဝသအေဂျင်စီက စက်တင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန် လိုက်တာပါ။

တိုင်ဖွန်းမုန်တိုင်းကနေ အပူပိုင်းမုန်တိုင်းအထိ အဆင့်လျော့ကျသွားခဲ့တဲ့ တာလင်းမ် (Talim) မုန်တိုင်းကို ကြောက်တဲ့ ဒေသခံတချို့ဟာ အာဆာကူရာ မြို့လယ်မှာရှိတဲ့ အရေးပေါ် ကယ်ဆယ်ရေးစခန်းကို ရွှေ့ပြောင်း လာခဲ့ကြပါတယ်။ ပစိဖိတ်ရာသီရဲ့ ၁၈ ခုမြောက် မုန်တိုင်းဖြစ်တဲ့ တာလင်းမ်မုန်တိုင်းကြောင့် ရာပေါင်းများစွာ သော လေယာဉ် ခရီးစဉ်တွေသာမက ပင်လယ်ကိုဖြတ်သွာတဲ့ ကျည်ဆန်ရထား ခရီးစဉ်တွေ အပါအဝင် ဒေသတွင်းက သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ရပ်ထားရတယ်လို့ ဒေသခံသတင်းတွေက ပြောပါတယ်။

မုန်တိုင်းဟာ အရှေ့မြောက်ဘက်ကို ရွေ့လျားနေပြီး စက်တင်ဘာ ၁၇ ရက် ညနေဘက်မှာ တိုကျိုမြို့ ပတ်ဝန်းကျင်ကို လေပြင်းတွေ စတိုက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဖိလစ်ပိုင် တဂါလုဂ်စကားနဲ့ ဓားသွားလို့ အဓိပ္ပာယ်ရတဲ့ တာလင်းမ်မုန်တိုင်းကြောင့် ပြီးခဲ့တဲ့အပတ်က တရုတ်နိုင်ငံမှာ လူဦးရေ ၂ သိန်း လောက်ကို အရေးပေါ် ကယ်ဆယ်ခဲ့ရတယ်လို့ သိရပါတယ်။

(DVB)