အသံလှိုင်း တိုက်ခိုက်မှုများ ကြုံခဲ့ပြီးနောက် ကျူးဘားရှိ သံရုံးကို ပိတ်ရန် အမေရိကန် စဉ်းစားနေ

အသံလှိုင်း တိုက်ခိုက်မှုများနှင့် ကြုံခဲ့ရသည့်နောက် ကျူးဘားရှိ သံရုံးကို ပိတ်သိမ်းရန် စဉ်းစားနေကြောင်း အမေရိကန် အစိုးရက အတည်ပြုခဲ့သည်။ဟာဗားနားတွင် ဖွင့်လှစ်ထားသည့် အမေရိကန် သံရုံးကို ပိတ်သိမ်းရန် သင့်မသင့် မိမိတို့ ပြန်လည် စိစစ် သုံးသပ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာဆန်က ဆိုသည်။

ပြီးခဲ့သည့် လပိုင်းများအတွင်းက ကျူးဘားရှိ အမေရိကန် သံရုံးမှ ဝန်ထမ်းအချို့ နာမကျန်း ဖြစ်ခဲ့ပြီး ယင်းသည် အသံလှိုင်း တိုက်ခိုက်မှု ပုံစံတစ်မျိုးကြောင့်ဟု အမေရိကန် အစိုးရက စွပ်စွဲခဲ့သည်။

သံရုံးဝန်ထမ်း ၂၀ ကျော်မျှသည် အပျော့စား ခေါင်းကိုက်ခြင်း၊ အကြားအာရုံ ဆုံးရှုံးခြင်း၊ ခေါင်းမူးခြင်း၊ အော့အန်ခြင်း အစရှိသည့် ဝေဒနာများ ခံစားခဲ့ကြရသည်။ အမေရိကန် အစိုးရ တာဝန်ရှိသူများက ပစ္စည်းကိရိယာ တစ်မျိုးမျိုးကို အသုံးပြုကာ အသံလှိုင်းဖြင့် သံရုံးဝန်ထမ်းများကို တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။ ကျူးဘား အစိုးရကမူ ထိုကိစ္စသည် ၎င်းတို့နှင့် လုံးဝ ပတ်သက်မှု မရှိဟု ငြင်းဆိုထားသည်။ ကနေဒါ နိုင်ငံသား နှစ်ဦးသည်လည်း အလားတူ ဝေဒနာများ ခံစားခဲ့ရသေးသည်။

“ထိခိုက်ခဲ့ရသူ အားလုံးကို လေးစားမှု ထားတဲ့ အနေနဲ့ အခုကိစ္စကို ကျွန်တော်တို့ လေးလေးနက်နက် သဘောထား ကိုင်တွယ်နေပါတယ်”ဟု တိုင်လာဆန်က ပြောကြားခဲ့သည်။ ၂၀၁၆ နှောင်းပိုင်းမှစ၍ ယင်း ပြဿနာ ကြုံနေခဲ့ပြီးနောက် အမေရိကန်၏ အက်ဖ်ဘီအိုင် ထောက်လှမ်းရေးဌာန၊ ကနေဒါ တော်ဝင်ရဲတပ်ဖွဲ့ နှင့် ကျူးဘား အာဏာပိုင်များ ပူးပေါင်း စုံစမ်းနေသော်လည်း ဖြစ်စဉ်၏ ရင်းမြစ်ကို မဖော်ထုတ်နိုင်သေးချေ။

ကျူးဘား သမ္မတရာအူးလ် ကက်စ်ထရိုက အမေရိကန် သံအရာရှိများကို တွေ့ဆုံကာ ထိုကိစ္စတွင် ကျူးဘား အစိုးရလုံးဝ ပါဝင်ပတ်သက်မှု မရှိဟု ပုဂ္ဂိုလ်ရေး အာမခံချက် ပေးထားကြောင်း သိရသည်။ အမေရိကန်နှင့် ကျူးဘားတို့ကြား ဆယ်စုနှစ် အတော်များများဆက်ဆံရေး တင်းမာနေခဲ့သော်လည်း အမေရိကန် သမ္မတ ဟောင်း ဘာရတ် အိုဘားမား လက်ထက် ၂၀၁၅ တွင် သံတမန် ဆက်ဆံရေး ပြန်လည် အစပြု ထူထောင် နိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အိုဘားမားသည် ၁၉၂၈ ခုနှစ်က ကယ်လ်ဗင်ကူးလစ်ဂ်ျ၏ ခရီးစဉ်နောက်ပိုင်း ကျူးဘားသို့ ပထမဆုံး အလည်အပတ် သွားရောက်သည့် အမေရိကန် သမ္မတ အဖြစ်လည်း သမိုင်းသစ် မှတ်တမ်းတင်နိုင်ခဲ့သည်။

    Ref: CBS