ရန်ကုန်တိုင်းရဲတပ်ဖွဲ့သို့ အရေးပေါ်ဆက်သွယ်ရန် ဖုန်းနံပါတ်နှစ်ခု ထုတ်ပြန်

ရန်ကုန်တိုင်းရှိ ပြည်သူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ အရေးပေါ်အကူအညီ လိုအပ်လျှင်ဖြစ်စေ၊ သတင်းပေးတိုင်ကြားလိုလျှင်ဖြစ်စေ အသစ်ထပ်မံတပ်ဆင်ထားသော တယ်လီဖုန်းနှစ်လုံးသို့ ဆက်သွယ်တိုင်ကြားနိုင် ကြောင်း သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့သို့ ၂၄ နာရီ ဆက်သွယ်နိုင်မည်ဆိုသော ဖုန်းမှာ ၀၁-၂၃၁၇၅၂၆ နှင့် ၀၁-၂၃၁၇၅၂၇ တို့ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ အရေးပေါ်ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်ကို ၁၉၉ သတ်မှတ်ပေးထားသော်လည်း ရန်ကုန်တိုင်း အတွင်း အဆိုပါနံပါတ်မှာ ခေါ်ယူရန်ခက်ခဲ၍ ဖုန်းနှစ်လုံးကို အသစ်ထပ်မံတပ်ဆင်ထား ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ဝင်းနိုင်ကပြောသည်။

‘‘အရေးပေါ် ၁၉၉ ခေါ်တဲ့အခါမှာ ဖုန်းဆက်ရင် မကိုင်တာတွေ၊ ခေါ်မရတာတွေ ရှိတယ်။ ရန်ကုန်တိုင်း ဆက်သွယ်ရေး ဌာနနဲ့ တိုင်ပင်ကြည့်တော့ ဒီနံပါတ်က ရန်ကုန်တိုင်းမှာ အဆင်မပြေနိုင်ဘူးပြောတယ်။ ဒီအတွက် တယ်လီဖုန်းနှစ်လုံး တပ်ဆင်ထားပြီး ၂၄ နာရီ ခေါ်ဆိုနိုင်အောင် လုပ်ပေးထားပါတယ်’’ ဟု ၎င်းကပြောသည်။

အသစ်ထပ်မံတပ်ဆင်ထားသည့် အဆိုပါဖုန်းများကို အရေးပေါ်မီးတန်းယာဉ်များတွင် တပ်ဆင်ထားပြီး ဖုန်းဆက် တိုင်ကြားခဲ့သည့်အတွက် ဖမ်းဆီးရမိခဲ့သည့် မှုခင်းများရှိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ အကြီးတန်းရဲအရာရှိ တစ်ဦးက ပြောသည်။

‘‘ဒီဖုန်းနံပါတ်နဲ့ ဖုန်းဆက် တိုင်ကြားလို့ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့သူတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီနံပါတ်တွေ ကိုလည်း ပြည်သူတွေသိအောင် လက်ကမ်းစာစောင်တွေ ဝေငှပေးတာတွေလည်း ရှိပါတယ်။ ဒီဖုန်းနှစ်လုံးကိုတော့ ကြိုက်တဲ့အချိန် ဆက်လို့ရပါတယ်။ ဒီဖုန်းနှစ်လုံးကလည်း တိုင်ကြားဆက်သွယ်မှုအတွက် သီးသန့်ထားရှိထားတာပါ’’ ဟု ၎င်းကပြောသည်။

7 Day Daily


Leave a Reply