ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အမေရိကန် ရေတပ်သင်္ဘော ချစ်ကြည်ရေး ခရီးလာရောက်

ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အမေရိကန်ရေတပ်သင်္ဘော တရားဝင် ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက မတ် ၂၀ ရက်တွင် သတင်း ထုတ်ပြန်သည်။

အဆိုပါအမေရိကန်ရေတပ် အမြန်ပို့ဆောင်ရေးသင်္ဘော ယူအက်စ်အန်အက်စ် ဖောလ်ရေးဗား USNS Fall River (T-EPF-4)  သည် အမေရိကန်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံသားများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရန်နှင့် ယဉ်ကျေးမှု နှီးနှောဖလှယ်ရန်အတွက် မြန်မာနိုင်ငံ ရန်ကုန်ဆိပ်ကမ်းသို့ မတ် ၂၁ ရက်မှ ၂၅ ရက်အထိ ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံသားတွေရဲ့ ဧည့်သည်တော်တွေအဖြစ် USNS Fall River သင်္ဘောကြီး ရန်ကုန်ကို ခုတ်မောင်း ရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူမိပါတယ်။ ဒီသမိုင်းဝင် ခရီးစဉ်ကို ကြိုဆိုဧည့်ခံပေးကြမယ့် မြန်မာအစိုးရ၊ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့တပ်မတော် (ရေ) ကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံသားတွေနဲ့ ထာဝရ တည်မြဲတဲ့ချစ်ကြည်ရင်းနှီးမှု တစ်ရပ် တည်ဆောက်ဖို့ကိုလည်း ကျွန်တော်တို့ မျှော်လင့်နေပါတယ်” ဟု အမေရိကန် ရေတပ်၊ အမှတ် (၇၃) ရေယာဉ်စု၏ တပ်မှူး၊ ဗိုလ်ချုပ် ဒွန်ဂေရီ ယယ်ဆန် က ပြောကြားကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်မှုတွင် ရေးသားထားသည်။

ထို့အတူ မြန်မာနိုင်ငံသို့ ရောက်ရှိနေချိန်အတွင်း ဖောလ်ရေးဗားအဖွဲ့သားများသည် မြန်မာ့တပ်မတော် (ရေ) နှင့် ထိတွေ့ဆက်ဆံသွားမည်ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့တော်အတွင်း ယဉ်ကျေးမှုဆိုင်ရာ လေ့လာရေး ခရီးစဉ် များကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒါဟာ ကျွန်တော်တို့ အထူးတာဝန်အဖွဲ့ဝန်ထမ်းတွေနဲ့ အဖွဲ့သားတွေအတွက် အင်မတန်ထူးခြားတဲ့ အခွင့် အရေးတစ်ခုပါ။ မြန်မာ့တပ်မတော် (ရေ) နဲ့ထိတွေ့ဆက်ဆံရဖို့၊ မြန်မာနိုင်ငံရဲ့ ကြွယ်ဝလှတဲ့ ယဉ်ကျေးမှု တွေအကြောင်း ပိုပြီးလေ့လာရဖို့အတွက် ကျွန်တော်တို့ မျှော်လင့်နေပါတယ်” ဟု ပစိဖိတ်မိတ်ဖက် အထူးတာဝန်အဖွဲ့၏ တပ်မှူး၊ ဗိုလ်မှူးကြီး စတန်ရှန်က ပြောကြားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖောလ်ရေးဗားသင်္ဘောကြီးသည် အင်ဒို-အာရှ-ပစိဖိတ် ဒေသတစ်လျှောက်ရှိ နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်ရေးကို မြှင့်တင်သည့် HA/DR (လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ/ဘေးအန္တ ရာယ် တုံ့ပြန်ရေး) ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု တစ်ခုဖြစ်သော ပစိဖိတ်မိတ်ဖက် နှစ်စဉ် အထူးတာဝန် အတွက် သီရိလင်္ကာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြား ခရီးတစ်ထောက်နားသော သင်္ဘောကြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ အမေရိကန်အမှတ် (၇) ရေတပ်သင်္ဘော တီးဝိုင်းအဖွဲ့က အမေရိကန်သံရုံး၊ အမေရိကန် စင်တာ တွင် ဖျော်ဖြေပွဲပြုလုပ်သွားမည်ဖြစ်ပြီး ပြည်တွင်းမှ ဂီတပညာရှင်များနှင့်တွေ့ဆုံကာ ဂီတနှင့် ပတ်သက်သော ပူးပေါင်းနှီးနှော ဖလှယ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်မှုအရ သိရသည်။

# Eleven