အက်ဖ်ဘီအိုင် အရာရှိများက ရဲတပ်ဖွဲ့နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် တာဝန်ရှိသူများကို သင်တန်းပေးမည်

အမေရိကန်ပြည်ထောင်စုမှ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) မှ လေ့ကျင့်ရေးအရာရှိများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ငွေကြေးဆိုင်ရာ စုံစမ်းစစ်ထောက်လှမ်းရေးအဖွဲ့၊ အထူးစုံစမ်းရေးအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများကို လာမည့်နှစ်ပတ်အတွင်း လာရောက်သင်တန်းပို့ချမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်း ထုတ်ပြန်သည်။

FBI ကပို့ချမည့်သင်တန်းသည် မြန်မာနိုင်ငံရှိ ဥပဒေဘက်တော်သား ကျွမ်းကျင်သူပညာရှင်များအား နိုင်ငံ အတွင်း အဓိက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုဖြစ်သည့် စနစ်တကျကျူးလွန်လေ့ရှိသော ရာဇဝတ်မှုများ၊ အဂတိ လိုက်စားမှုများကို ပိုမိုစုံစမ်းထောက်လှမ်းနိုင်စေမည့် စုံစမ်းစစ်ဆေးရေးနှင့် လုပ်ငန်းဖော်ဆောင်နိုင်ရေး စွမ်းရည် များတိုး တက်စေရေး အထူးအလေးထား ပို့ချမည်ဟု ထုတ်ပြန်ထားသည်။

FBI ကလာမည့်နှစ်ပတ်အတွင်း သင်တန်းများပို့ချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာ မှုခင်း တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ဝင်းသိန်းက 7 Day Daily အား အတည်ပြု ပြောကြား သည်။

အဆိုပါသင်တန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ၁၂ ဦး၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက် လှမ်းရေးအဖွဲ့မှ ၁၂ ဦးနှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ခြောက်ဦးစုစုပေါင်း ၃၀ဦးအား အဂတိ တိုက်ဖျက်ရေး ကော်မရှင်ရုံးတွင် သင်တန်းပေးမည်ဖြစ်ကြောင်း ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ  သတင်းရရှိသည်။

‘‘လာမယ့်နှစ်ပတ်အတွင်း မှာသင်တန်းတွေစပေးမယ်လို့သိ ထားရပါတယ်။ သံရုံးကလည်း ကြေညာပေးထား ပါတယ်’’ ဟု အမေရိကန်သံရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

FBI သည် ၂၀၁၆ အောက် တိုဘာအတွင်းကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့အား မှုခင်းများဖော်ထုတ် တိုက်ဖျက် ရာ၌ စွမ်းရည်များမြှင့်တင်ရေး လေ့ကျင့်သင်တန်းများ သီတင်းရှစ်ပတ်ကြာ လာရောက်ပို့ချခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို မှုခင်းများဖော်ထုတ်တိုက်ဖျက်ရာ၌ စွမ်းရည်များ မြှင့်တင်ပေးရေး လေ့ကျင့်သင်တန်း များနှင့် နည်းပညာအထောက်ပံ့များ အကူအညီပေးရန် အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန်ချထားကြောင်း ယင်းသံရုံးက ထုတ်ပြန်ကြေညာထားသည်။

# 7 Day Daily