နေရပ်ပြန် တိုင်းရင်းသားများလုံခြုံရေး အမြဲတာဝန်ယူပြီး နှစ်ဖက်လူ့အဖွဲ့အစည်းလုံခြုံမှုအတွက် ဥပဒေအရ အကာအကွယ်ပေးမည်ဟု ရဲမှူးချုပ်သူရစန်းလွင်ပြော

အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်ကြောင့် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရသော တိုင်းရင်းသားများ နေရပ်သို့ ပြန်လည်နေထိုင်မည်ဆိုပါက အမြဲတမ်း လုံခြုံရေးတာဝန်ယူမည် ဖြစ်ပြီး နှစ်ဖက်လူ့အဖွဲ့အစည်း လုံခြုံမှုအတွက် ဥပဒေအရ အကာအကွယ်ပေးမည်ဖြစ်ကြောင်း အမှတ် (၁) နယ်ခြားစောင့် ကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က ပြောကြားသည်။

‘‘ပြည်တွင်းမှာ ရှိနေတဲ့ တိုင်းရင်းသားတွေ သူ့ရပ်ရွာကို ပြန်လည်နေထိုင်မယ်ဆိုရင်နေမယ့် ရွာတွေကို ကျွန်တော်တို့ လုံခြုံရေးပြန်ချထားပေးမယ်။ ကျန်းမာရေး၊ စားဝတ်နေရေး၊ ပြန်လည်နေရာ ချထားရေးနဲ့ တချို့မီးလောင်ပျက်စီးတဲ့ ရွာတွေကို ပြန်လည်ပြုပြင်ပေးရေးတွေ လုပ်မယ်။ ထိုနည်းတူစွာပဲ တချို့ ဘင်္ဂါလီ တွေကို ကိုယ့်ဆီက တိုင်းရင်းသားတွေက ပြန်လည်ခြိမ်းခြောက်တာတို့ ဆိုရင်ဒါကို ကျွန်တော်တို့က တားမြစ်ပြီး ဥပဒေနဲ့အညီဆောင်ရွက်သွားမယ်။ ဥပဒေနဲ့အညီဆောင်ရွက်ရမယ့် အဖွဲ့အစည်းဖြစ်တဲ့အတွက် တိုင်းရင်းသား တွေရော၊ ဘင်္ဂါလီတွေကိုရော ဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက်သွားမယ်’’ဟု ရဲမှူးချုပ် သူရစန်းလွင်က 7Day Daily သတင်းစာအား စက်တင်ဘာ ၁၈ ရက်တွင် ပြော ကြားသည်။

သြဂုတ် ၂၅ ရက်က ဘူးသီးတောင်၊ မောင်တောဒေသအကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် ဒေသခံ တိုင်းရင်းသား ၂၆,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ပြီး ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံခဲ့ရသည်။ ယင်းကာလ နောက်ပိုင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့က နယ်မြေလုံခြုံရေး ဆက်တိုက်ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ပထမပတ် ကစတင်ကာ ကယ်ဆယ်ရေးစခန်းရောက် ဒေသခံအချို့ နေရပ်သို့ပြန်နေခြင်းဖြစ်သည်။ နေရပ်ပြန်သူများသည် လုံခြုံရေး စိုးရိမ်မှုများ ရှိနေ၍ တပ်မတော်နှင့် ရဲတပ်ဖွဲ့က အမြဲတမ်း လုံခြုံရေးပေးနိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ရဲမှူး ချုပ် သူရစန်းလွင်ကဆိုသည်။

အကြမ်းဖက်မှုတွင် မပါဝင်ဘဲ စိုးရိမ်ကြောက်လန့်ကာတိမ်းရှောင်နေသည့် ဘင်္ဂါလီများကိုလည်း စုရပ်အသီးသီး တွင် စုစည်း၍ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ မောင်တောဒေသအကြမ်း ဖက်မှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်သူ ဒေသခံတိုင်းရင်းသား ၂၆,၀၀၀ ကျော်ရှိပြီး ၄,၀၀၀ ကျော် နေရပ်သို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူ  ၃၀,၀၀၀ရှိပြီး  ထွက်ပြေးတိမ်းရှောင် သူများကို ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ အစိုးရအဖွဲ့နှင့် တိုင်ပင်လုပ်ဆောင်နေကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားထားသည်။