မုံရွာတွင် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကြိုတင်မဲ မတ် ၂၂ ရက်မှ စတင်ပေးနိုင်

ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အမတ်အား ရွေးချယ်မဲပေးရမည့် မုံရွာမြို့နယ်တွင် ကြိုတင် မဲများကို မတ် ၂၂ မှ ၃၁ ရက်အထိ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံတွင် မဲပေးနိုင်ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သတင်းရရှိသည်။

ကြိုတင်မဲပေးခွင့်ရှိသူများဖြစ်သည့် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များ၊ ရွေးကောက်ပွဲတာဝန် ထမ်းမည့်သူများသည် မတ် ၂၂ ရက်မှစ၍ ကြိုတင်မဲပေးရန် လိုအပ်သူများဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာများရှိ သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများ၊ ဆေးရုံတက်နေရသူများ၊ အချုပ်ကျနေသူများ၊ ရွေးကောက်ပွဲ နေ့တွင် ခရီးသွားမည့်သူများသည် ခိုင်လုံသောအကြောင်းပြချက်ဖြင့် မတ် ၃၀ နှင့် ၃၁ ရက်တို့၌ ကြိုတင် မဲပေးနိုင်မည်ဖြစ်သည်။

“”မတ် ၂၂ ရက်မှစပေးရမှာတော့ ဝန်ထမ်းအများစုပေါ့၊ ဒီနေရာမှာ ခရီးဝေးတဲ့ရပ်ကွက်၊ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲတွေအနေနဲ့ မဲရုံကိုမလာနိုင်တဲ့ ဆေးရုံတက်နေရတဲ့သူတွေ၊ အချုပ်ကျနေတဲ့သူတွေကို ၂၂ ရက် ကတည်းက ကြိုတင်မဲပေးခိုင်းလို့ရပါတယ်”” ဟု တိုင်းဒေသကြီး ရွေးကောက်ပွဲအဖွဲ့ခွဲရုံးအရာရှိ ဦးအောင်မျိုးလွင်က ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီ ၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မုံရွာမြို့မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၂၄၉၀၄၈ ဦးရှိပြီး မဲရုံပေါင်း ၁၅၉ ရုံထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

#Democracytoday