သင်္ကြန်ကာလ အဝေးပြေးကားခများ ဈေးတက်

ယာဉ်လိုင်းပိုင်ရှင်အချို့က ယခုနှစ်သင်္ကြန်ကာလအတွင်း အဝေးပြေးကား လက်မှတ်ခဈေးနှုန်း ၅၀ % တိုးကောက်ခွင့်ပြုရန် YRTA ထံ တောင်းဆိုထားသဖြင့် အစည်းအဝေးဆုံးဖြတ်ချက်မကျခင် အချိန်အတွင်း မှာပင် လက်မှတ်ခများကို တိုးမြှင့်ရောင်းချလျက်ရှိကြောင်း အဝေးပြေးလက်မှတ်အရောင်း ဈေးကွက်ထံမှ သိရသည်။ ယာဉ်လိုင်းပိုင်ရှင်များက အရှုံးပေါ်မှုကိုကာမိရန်အတွက် လက်မှတ်နှုန်းတိုးမြှင့်ကောက်ခံခွင့် ပြုရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ YRTA ထံ ပြီးခဲ့သည့်ရက်ပိုင်းက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တောင်းဆိုမှုများနှင့်ပတ်သက်၍ ခွင့်ပြုခြင်း မရှိသေးသော်လည်း အဝေးပြေး ကားလက်မှတ်များကို တိုးမြှင့် ရောင်းချနေပြီး လူသွားများသည့် ရန်ကုန်-မန္တလေး ခရီးစဉ်တွင် ယခင်ကျပ် ၁၂၀ဝ၀ကို ကျပ် ၁၇၀ဝ၀၊ နေပြည်တော် ခရီးစဉ်တွင် ကျပ် ၆၈၀ဝ ကို ကျပ် ၇၃၀ဝ၊ မုံရွာခရီးစဉ်တွင် ကျပ် ၁၄၀ဝ၀ ကို ကျပ် ၁၆၅၀ဝ ဖြင့် ဝယ်ယူနေရကြောင်း အဆိုပါ ခရီးစဉ်ပြန်မည့် ခရီးသည်များက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်မှ နေပြည်တော် ခရီးစဉ်ကို မူလထက် ကျပ် ၁၅၀ဝ ပိုရောင်းချနေပြီး ယင်းသို့ ရောင်းချနေခြင်းမှာ နှစ်စဉ်ဖြစ်ကြောင်း မတ်လ ၁၆ ရက်က နေပြည်တော် ပြန်သည့်ခရီးသည် တစ်ဦးက ပြောကြားသည်။

ကားလက်မှတ်များ ကြိုတင်ဝယ် ယူသူများအနေနှင့် လက်ရှိတွင် လက်မှတ် အရောင်းကိုယ်စားလှယ်များမှ တစ်ဆင့် ရောင်းချမည် မဟုတ်ဘဲ အဝေးပြေး ကားဂိတ်သို့သာ လူကိုယ်တိုင် သွားရောက် ဝယ်ယူရမည် ဖြစ်ကြောင်း မန္တလာမင်းခရီးသည်ပို့ဆောင်ရေး လုပ်ငန်းထံမှ သိရသည်။

အချို့အဝေးပြေး ကားလက်မှတ် အရောင်းကိုယ်စားလှယ်များအနေနှင့် ကြိုတင် လက်မှတ်များကို ဧပြီလ ၄ ရက်အထိသာရောင်းချပြီး ကျန်ရက်များအတွက် ဝယ်ယူမည်ဆိုပါက အဝေးပြေးဂိတ်သို့ သွားရောက် ဝယ်ယူရကြောင်း ကားလက်မှတ် အရောင်းကိုယ်စားလှယ်များထံမှ သိရသည်။

အဝေးပြေးကားများနှင့် ပတ်သက်ပြီး လက်မှတ်ခ ၅၀ ရာခိုင်နှုန်း တိုးကောက်မှုနှင့်ပတ်သက်၍ ခွင့်ပြုမပြု ဆုံးဖြတ်ရန် အစည်းအဝေးပြုလုပ်နေဆဲဖြစ်၍ အတိအကျ ပြောဆိုရန် မဖြစ်သေးကြောင်း၊ မတ်လ ၂၁ ရက် အထိ ပြီးပြတ်နိုင်မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက ပြောကြားသည်။

လက်ရှိတွင် သင်္ကြန်ကာလနှင့် နီးကပ်ပြီဖြစ်သောကြောင့် ယာဉ်လိုင်း မည်မျှထွက်မည်၊ လက်မှတ်ခ ပိုတောင်းသည့် ယာဉ်လိုင်းကို မည်သို့အရေးယူမည်ကို ညှိနှိုင်းလျက်ရှိပြီး ခရီးသည်များ စီးနင်းမှု အဆင်ပြေ စေရန် မကြာခင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အဖွဲ့ဝင် တစ်ဦးက အဆိုပါရက်ပိုင်းက ပြောကြားခဲ့သည်။

အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်းတွင် ခရီးသည်တင် ယာဉ်လိုင်း ၂၁၇ လိုင်းရှိပြီး မော်တော်ယာဉ် ၂၂၆၀ စီးရှိသည်ဟု သိရသည်။

# The Voice