ရှမ်းပြည်နယ် အရှေ့မြောက်တိုက်ပွဲများနှင့် ပတ်သက်၍ လွှတ်တော်က စိုးရိမ်ကြောင်း အရေးကြီးအဆိုတင်

ယနေ့ (နိုဝင်ဘာ ၂၉ ရက်) တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ မိထ္တီလာမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်း က “ရှမ်းပြည်အရှေ့မြောက်ဒေသ သိန်းနီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံတို့တွင် KIA၊ MMDAAနှင့် TNLA ပူးပေါင်းအဖွဲ့တို့မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် မိုင်းထောင်မှု၊ ဖျက်ဆီးမှု၊ ဗုံးခွဲမှုများကြောင့် အပြစ်မဲ့ပြည်သူများ သေကြေခြင်း၊ ဒဏ်ရာရခြင်း၊ အိုးအိမ်စွန့်ခွာ စစ်ပြေးဒုက္ခသည်ဘဝရောက်ခြင်းနှင့် နိုင်ငံ၏ အချုပ်အချာတည်မြဲမှု၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့အား ထိခိုက်စေခြင်းတို့ကို လွှတ်တော်မှ စိုးရိမ်မိကြောင်း” အရေးကြီးအဆို တင်သွင်းခဲ့ပါသည်။

0-02-06-d5a1e4f9fb4b2eb8010b405076d3893a89a44067707544791d705ec36e5cb7e5_full

ဒေါက်တာမောင်သင်းက “ဒီဖြစ်စဉ်ကြီးမှာ နိုဝင်ဘာ ၂၀ ရက် နံနက် ၂ နာရီကနေ ဒီနေ့အထိ အပြစ်မဲ့ ပြည်သူတွေ သေဆုံးရတယ်။ ဒဏ်ရာရတယ်။ ညည်းပန်းနှိပ်စက်ခံရတယ်။ ဆက်ကြေးတောင်းခံရတယ်။ အိုးအိမ်စွန့်ခွာပြီးတော့ စစ်ရှောင်ဘဝ ရောက်ရတယ်။ နောက်ပြီးတော့ ကျောင်းသားကျောင်းသူများ ကျောင်းမတက်နိုင်ခြင်းနဲ့ လယ်ယာ စီးပွားရေးလုပ်ငန်းတွေကို စွန့်ပစ်ခဲ့ရတော့ စီးပွားရေးလုပ်ငန်းတွေ ပျက်ဆီးတယ်။ ထို့အတူ ကုန်သွယ်ရေးတွေ လည်း ပျက်စီးတယ်။ နိုင်ငံတော်အနေနဲ့လည်းပဲ အချုပ်အချာအာဏာကို ထိပါးခံရတဲ့ တရားဥပဒေစိုးမိုးမှု ထိခိုက် လာတယ်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ပျက်ပြားလာတယ်။ နောက်ပြီးတော့ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း သွားတယ်။ အခွန်ထမ်းများရဲ့ စီးပွားရေးလုပ်ငန်းတစ်ချို့ ပျက်စီးသွားတာကို ကျွန်တော်တို့တွေ့ရပါတယ်။ အထူး သဖြင့် ပြည်ထောင်စုအစိုးရရဲ့ အစဉ်တစိုက် ကြိုးပမ်းခဲ့တဲ့ ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေံရေးကို အကောင် အထည်ဖော်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံရဲ့ လုပ်ငန်းစဉ်များရဲ့အရှိန်ကို နှောင့်နှေးစေမှုများ ဖြစ်ပေါ်လာ မှာကို ပြည်သူများကလည်း စိုးရိမ်နေပါတယ်။ အားလုံးကို ခြုံကြည့်ပြီးတော့ ကျွန်တော့်အနေနဲ့ နိဂုံးချုပ်ရမယ်ဆိုရင် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ သိန်းနီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံတို့တွင် KIA၊ MMDAAနှင့် TNLA ပူးပေါင်းအဖွဲ့တို့မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မိုင်းထောင်မှု၊ ဖျက်ဆီးမှု၊ ဗုံးခွဲမှုများကြောင့် အပြစ်မဲ့ပြည်သူများ သေကြေခြင်း၊ ဒဏ်ရာရခြင်း၊ အိုးအိမ်စွန့်ခွာ စစ်ပြေးဒုက္ခသည်ဘဝရောက်ခြင်းနှင့် နိုင်ငံ၏ အချုပ်အချာတည်မြဲမှု၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့အား ထိခိုက် စေခြင်းတို့ကို လွှတ်တော်မှ စိုးရိမ်မိကြောင်းကို ဥက္ကဋ္ဌကြီးမှ တစ်ဆင့် အရေးကြီး အဆိုတင်သွင်း အပ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ဒေါက်တာမောင်သင်း၏ အဆိုအား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ ထောက်ခံဆွေးနွေးခဲ့ပြီး ယင်းအဆိုအား ဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ သဘောထားကို ရယူရာတွင် ကန့်ကွက်သူမရှိသဖြင့် အဆိုအား လွှတ်တော်၌ ဆက်လက်ဆွေးနွေးမည် ဖြစ်သည်ဟု သိရသည်။

# Eleven


Leave a Reply