တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များကို ပိတ်ဆို့အရေးယူရန် စီစဉ်နေခြင်းအပေါ် မစိုးရိမ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြော

ရခိုင်အရေးကိစ္စ နှင့်ပတ်သက်၍ အနောက်နိုင်ငံ များက တပ်မတော်ထိပ်ပိုင်းခေါင်း ဆောင်များကို ပစ်မှတ်ထားပိတ် ဆို့အရေးယူမှုများ ပြုလုပ်ရန် ဆွေးနွေးနေသည်ဆိုသော သတင်းများအပေါ် စိုးရိမ်မှုမရှိကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်းက ပြောသည်။

အောက်တိုဘာ ၁၅ ရက်က နေပြည်တော်၌  ကျင်းပသော တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) (၂) နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

‘‘ကိုယ့်အနေနဲ့ မှန်မှန်ကန်ကန်၊ ကောင်းကောင်းမွန်မွန်နဲ့ နိုင်ငံကာကွယ်ဖို့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် သူများတွေဘာပြောပြောသိပ်ပြီးတော့ စိုးရိမ်မှုမရှိပါဘူး’’ ဟု ဒုတိယဗိုလ်ချုပ် ကြီးစိန်ဝင်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ထွေထွေထူးထူး ပြောစရာမရှိကြောင်းနှင့် ဗုဒ္ဓဘာသာဖြစ်သည့်အတွက် ကံ၊ ကံ၏ အကျိုးကို ယုံကြည်ကြောင်း ၎င်းကဆက်လက် ပြောသည်။

‘‘ကိုယ်ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးရမှာပေါ့။ မကောင်းတာလုပ်ရင်လည်း မကောင်းတဲ့အကျိုးရမှာပေါ့။ ကျွန်တော်တို့က လိပ်ပြာသန့်ပါတယ်’’ ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်အတွင်းက တစ်ကျော့ပြန်ဖြစ်ပွားသည့် ရခိုင်ဒေသရှိ နယ်ခြားစောင့်ရဲ စခန်းများအကြမ်းဖက် တိုက်ခိုက် ခံရမှုများနှင့် ပတ်သက်၍ ကြီးထွားလာသည့် ပြဿနာများကြောင့်ကမ္ဘာ့နိုင်ငံများက မြန်မာနိုင်ငံအပေါ် ဝေဖန် စွပ်စွဲချက်များရှိခဲ့သည်။

ထို့အပြင် ဘင်္ဂါလီလူမျိုးငါး သိန်းခန့် ထွက်ပြေးသော နယ်မြေရှင်းလင်းမှုနှင့် ပတ်သက်၍ မြန်မာ့တပ်မတော် ခေါင်းဆောင်များကို ပစ်မှတ်ထားသည့်တားဆီး ပိတ်ဆို့မှုများပြုလုပ်ရန် ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့က စဉ်းစားနေကြောင်း ယင်းဆွေးနွေးမှုများနှင့် နီးစပ်သောအရာရှိများကို  ကိုးကားပြီးရိုက်တာသတင်းဌာနက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖော်ပြခဲ့သည်။

(7days)