အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်ပွားမည့်လက္ခဏာ ပေါ်ပေါက်ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်း ပို့ဆောင်ရန် လိုအပ်

ယခုအချိန်ကာလသည် နေ့အပူချိန် အလွန်မြင့်တက်နေပြီး အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်ပွားမည့် လက္ခဏာများ ပေါ်ပေါက်လာပါက အသက်အန္တရာယ်ထိခိုက်နိုင်၍ နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းပို့ဆောင်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်လာခြင်း၊ အရေပြားပူ၍ ခြောက်သွေ့ခြင်း သို့မဟုတ် ချွေးခန်းခြောက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်းနှင့် တက်ခြင်းတို့ဖြစ်ပါက အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

အပူဒဏ်ကြောင့် ပင်ပန်းနွယ်နယ်ခြင်း (Heat Exhaustion) လက္ခဏာများတွင် ဂနာမငြိမ်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးနုံးချည့်ပျော့ခွေခြင်းနှင့် ကြွက်တက်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ခန္ဓာကိုယ်အရေပြားအေး၍ စိုစွတ်ခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်းတို့ဖြစ်ပေါ်ကြောင်း သိရသည်။

အပူဒဏ်အန္တရာယ်ကျ ရောက်သည့် လူနာကိုအရေးပေါ် ရှေးဦးပြုစုရန်လိုအပ်ပြီး လူနာကို အရိပ်ရပြီး အေးမြသောနေရာသို့ ရွှေ့ထားခြင်း၊ လေပန်ကာ၊လေအေးပေးစက်ဖွင့်ထားပေးခြင်း၊ လေအေးပေးစက်မရှိပါက ယပ်ခတ်ပေးခြင်း၊လူနာ၏ ခြေရင်းဘက်ကို မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့် ထားခြင်း၊လူနာ၏ အဝတ်အစားများကိုချွတ်ခြင်း၊ လူနာ၏လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့ကို ရေပတ်တိုက်ခြင်း၊ လူနာကောင်းစွာ သတိရနေပါက ရေအေးအေး သို့မဟုတ် ဓာတ်ဆားရည်တိုက်ခြင်းတို့ ပြုလုပ်ပေးရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

သို့ဖြစ်၍ အပူဒဏ်အန္တရာယ်မှ ကာကွယ်နိုင်ရန် နံနက် ၁၀ နာရီမှ ည ၄ နာရီအတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်လိုအပ်ပြီး ပူပြင်းသည့်နေရောင်အောက်တွင် အလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်း၊ ပူပြင်းသော နေရောင်အောက်မှ အလွန်အေးသောအခန်းနှင့် ကားအတွင်းသို့ ချက်ချင်းဝင်ရောက်ခြင်း၊ အလွန်အေးသောအခန်းမှ ပူပြင်းသော နေရောင်ထဲသို့ ချက်ချင်းထွက်ခြင်းတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် သက်ကြီး ဘိုးဘွားများနှင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ နာတာရှည်ရောဂါရှိသူများ၊ ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါ၊ စိတ်ကျန်းမာရေးချို့ယွင်းသူများ၊ အရက်စွဲသောသူများ၊ မူးယစ်ဆေးသုံးစွဲသူတို့သည် အပူဒဏ်အန္တရာယ်အထူးသတိပြုရမည့်သူများ ဖြစ်ကြောင်း သိရသည်။  #sdtimedaily