ရေသောက်များလွန်းရင် ခန္ဓာကိုယ်အတွက် ကောင်းနိုင်မလား

လူတစ်ယောက်ဟာ တစ်နေ့ကို ရေ (၈) ခွက်ကနေ (၁၂) ခွက် သောက်သုံးပေးသင့်တယ်လို့ ဆိုကြပါတယ်။ လူတစ်ယောက် ရေပမာဏ ဘယ်လောက်သောက်သုံးရမယ်ဆိုတာကို ဆုံးဖြတ်ဖို့ ဖော်မြူလာမရှိပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် ရေသောက်သုံးတဲ့ပမာဏ ကွဲပြားပါလိမ့်မယ်။ ဒါပေမဲ့ တစ်နေ့ ရေ (၈) ခွက်ကနေ (၁၂) ခွက် ကိုတော့ သေချာပေါက် သောက်သုံးပေးသင့်ပါတယ်။ ရေဓာတ်ကုန်ခန်းတယ်ဆိုတဲ့စကားကိုတော့ ခဏခဏ ကြားဖူးကြပါတယ်။ ရေဓာတ်လွန်ကဲခြင်းအကြောင်းကိုတော့ လူတိုင်း သိကြမယ်မထင်ပါဘူး။ ရေဓာတ်လွန်ကဲခြင်းနဲ့ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာအာဟာဗေဒပညာရှင် ပရာချီ ရှာချ်က မျှဝေထားပါတယ်။

ခန္ဓာကိုယ်အတွက် ရေက ဘယ်လောက်အရေးကြီးလဲဆိုတာကို အရင်ဆုံးစပြောရပါမယ်။

– ရေက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတယ်

– ဆီးနဲ့ ချွေးတွေကတဆင့် အညစ်အကြေးတွေကို ဖယ်ရှားပေးတယ်

– ရေက အာဟာရဓာတ်စုပ်ယူမှုကို ကူညီပေးတယ်

– အစာခြေဖျက်ခြင်းကို အထောက်အကူပြုပြီး ဝမ်းချုပ်ခြင်းကနေ ကာကွယ်ပေးတယ်

– စိတ်ခံစားချက်နဲ့ အရေပြားကျန်းမာရေးကို တိုးတက်ကောင်းမွန်စေတယ်

– ခန္ဓာကိုယ်အတွင်းက အီလက်ထရိုလစ်ဓာတ်တွေ ညီမျှစေတယ်

ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်း လုပ်ဆောင်နိုင်ဖို့ ရေလိုအပ်ပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်အတွင်း ရေဓာတ်လွန်ကဲတဲ့အခါ ဘာတွေဖြစ်လာမလဲ

ရေအလွန်အကျွံသောက်မိရင် ရေဆိပ်သင့်ခြင်းဖြစ်နိုင်ပါတယ်။ ဆားနဲ့ အခြားအီလက်ထရိုလစ်ဓာတ် (Electrolytes) ပမာဏတွေ အလွန်အမင်းအားပျော့သွားတဲ့အခါမှာ ဖြစ်ပေါ်လာပါတယ်။ ရေအလွန်အကျွံသောက်တာက ဆဲလ်တွေပွားလာစေပြီး ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ စိတ်ရှုပ်ထွေးခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းစတဲ့ လက္ခဏာရပ်တွေကို ကြုံတွေ့ခံစားရနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်းက ဆိုဒီယမ်၊ မဂ္ဂနီစီယမ်၊ ပိုတတ်စီယမ်လို အီလက်ထရိုလစ်ဓာတ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ပြင်းထန်တဲ့အဆင့်ကတော့ သတိလစ်ပြီး ကိုမာဖြစ်သွားနိုင်ပါတယ်။ ဆဲလ်အတွင်းနဲ့အပြင်မှာရှိတဲ့ အရည်တွေ ဟန်ချက်ပျက်သွားတာကြောင့်ပါ။ ရေဓာတ်လွန်ကဲခြင်းအခြေအနေမှာ ကြွက်တက်ခြင်းလည်း အဖြစ်များတယ်လို့ ပရာချီက ပြောပါတယ်။

ရေသောက်နည်းတာက ပင်ပန်းနွမ်းလျမှုကို ဖြစ်စေသလိုပဲ ရေသောက်များရင်လည်း ဖြစ်နိုင်တယ်ဆိုတာ သင်သိပါသလား

ကျောက်ကပ်က ပိုလျှံလာတဲ့ရေတွေကို ဖယ်ရှားဖို့ ပိုပြီးအားစိုက်လုပ်ဆောင်ရတာကြောင့် ပင်ပန်းနွမ်းလျခြင်းကို ဖြစ်စေနိုင်ပါတယ်။ လူတိုင်း ဗီတာမင်မျိုးစုံကို မှီခိုနေရတဲ့ ကမ္ဘာကြီးမှာ ရေအလွန်အကျွံသောက်ခြင်းက ရေတွင်ပျော်ဝင်နိုင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တချို့ကို ဖယ်ရှားပစ်နိုင်ပါတယ်။ ရေဓာတ်လွန်ကဲခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ ခန္ဓာကိုယ်က လက်ခံနိုင်တဲ့ ပမာဏထက် ပိုပြီး ရေအလွန်အကျွံသောက်သုံးထားပါပဲ။ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ နှလုံးရောဂါလို ကျန်းမာရေး အခြေအနေတချို့ကလည်း ရေဓာတ်လွန်ကဲခြင်းကို ဖြစ်စေနိုင်ပါတယ်။

ရေဓာတ်လွန်ကဲခြင်းကို ဘယ်လိုကုသရမလဲ

ရေဓာတ်လွန်ကဲခြင်းရဲ့မူလဇစ်မြစ်ကို ရှာဖွေပါ။ မိမိသောက်သုံးနေတဲ့ ဆေးကြောင့်ဖြစ်ရင် ဆရာဝန်နဲ့ပြသပါ။ ရေဓာတ်လွန်ကဲခြင်းဖြစ်စေတဲ့ မညီမျှမှုတွေကို ဖယ်ရှားဖို့အတွက် အာဟာရပညာရှင်ရဲ့အကူအညီနဲ့ ပိုတတ်စီယမ်နဲ့ အခြားအီလက်ထရိုလစ်ဓာတ်တွေကြွယ်ဝတဲ့အစားအစာတွေကို ရွေးချယ်နိုင်ပါတယ်။

သောက်သုံးတဲ့ရေပမာဏက အသက်အရွယ်၊ လိင်၊ ခန္ဓာကိုယ်အလေးချိန်၊ ကိုယ်လက်လှုပ်ရှားမှု၊ ရာသီဥတုနဲ့ ဆေးဘက်ဆိုင်ရာအခြေအနေတွေလို အချက်တွေအပေါ် မူတည်ပါတယ်။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ ရေ (၆၀) ရာခိုင်နှုန်းပါဝင်ပြီး ရေဓာတ်လိုအပ်တဲ့အခါ ခန္ဓာကိုယ်က အချက်ပေးပါတယ်။ တစ်နေ့ကို ရေ (၈) ခွက်ကနေ (၁၂) ခွက်အထိ သောက်သုံးတာကတော့ ပုံမှန်ပါပဲ။

Ref: Is drinking too much water bad for the body?

Team (ရိုးရာလေး )