တူရကီနှင့် ဆီးရီယားတွင် ငလျင်ကြောင့် သေဆုံးသူ ၅၀,၀၀၀ ကျော်ရှိလာ

ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် တူရကီနဲ့ ဆီးရီးယား နှစ်နိုင်ငံမှာ သေဆုံးသူဦးရေဟာ   အယောက်  ၅၀၀၀၀ ကျော်ရှိသွားပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

တူရကီမှာ ငလျင်ကြောင့် သေဆုံးသူဦးရေဟာ ဖေဖော်ဝါရီ ၂၄ ရက်အထိ  ၄၄၂၁၈ ယောက်ရှိပြီလို့ တူရကီကပ်ဘေးနဲ့ အရေးပေး စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (AFAD) က ပြောကြားခဲ့ပြီး ဆီးရီးယားနိုင်ငံကတော့ သေဆုံးသူ ၅၉၁၄ ဦးရှိပြီလို့ ကြေညာပါတယ်။

ငလျင်ကြောင့် အဆောက်အဦတွေ သောင်းနဲ့ချီပျက်စီးသွားခဲ့တဲ့အပေါ် လူပေါင်း ၆၀၀ ကျော်ကို စုံစမ်းစစ်ဆေးနေပြီး ဆောက်လုပ်ရေးကန်ထရိုက်တွေနဲ့ အဆောက်အဦပိုင်ရှင်တွေအပါအဝင် လူပေါင်း ၁၈၀ ကျော်ကို ဖမ်းဆီးထားတယ် လို့ တူရကီ တရားရေးဝန်ကြီး ဘီကာဘိုဇ်ဒက်ဂျ်က ပြောပါတယ်။

ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၈ ရှိ ငလျင်ကြီးနဲ့ နောက်ဆက်တွဲငလျင်တွေကြောင့် တူရကီမှာ အဆောက်အဦပေါင်း ၁၆၀၀၀ ကျော်ပြိုကျတာနဲ့ ဆိုးဆိုးရွားရွား ပျက်စီးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။