ပေကျင်းရဲ့ ယူကရိန်း ငြိမ်းချမ်းရေး အစီအစဉ်ထွက်ပေါ်ပြီးနောက် ပြင်သစ်သမ္မတ မက်ကရွန် တရုတ်သွားမယ်

ပြင်သစ် သမ္မတ အီမယ်နျူရယ်မက်ကရွန် က ဧပြီလထဲမှာ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်မယ်လို့ စနေနေ့က ပြောကြားခဲ့ပြီး ယူကရိန်း စစ်ပွဲ အဆုံးသတ်နိုင်ရေး ရုရှားကို ဖိအားပေးဖို့လည်း သူက ပေကျင်းကို တိုက်တွန်းလိုက်ပါတယ်။

တရုတ်က ရုရှားနဲ့နီးကပ်တဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားပြီး အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ ဂျီ-၂၀ အစည်းအဝေးမှာ ယူကရိန်းစစ်ပွဲကို ရှုတ်ချထားတဲ့ ပူးတွဲ ကြေညာချက်ထုတ်ပြန်ရေး ပျက်ပြားအောင် ကူညီလုပ်ဆောင်ခဲ့ချိန်မှာပဲ ပဋိပက္ခမှာ ကြားနေသူ အဖြစ် သူ့ကိုယ်သူ နေရာချဖို့ ကြိုးစားနေကြောင်း အေအက်ဖ်ပီ သတင်းက ဖော်ပြပါတယ်။

တရုတ်က သောကြာနေ့မှာ အချက် ၁၂ ချက်ပါတဲ့ ရပ်တည်ချက် စာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့နဲ့  နိုင်ငံရေးအရ အဖြေရှာကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အဲဒီနောက် သောကြာနေ့မှာပဲ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ကြောင်း ယူကရိန်း သမ္မတ ဇီလန်စကီး က ပြောကြားခဲ့ကာ ဒီလိုတွေ့ဆုံတာက ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အရေးပါကြောင်း ဇီလန်စကီး က ဆက်ပြောပါတယ်။

ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေမှာ တရုတ်နိုင်ငံ ပါဝင်ပတ်သက်လာတာ ကောင်းမွန်ကြောင်း မက်ကရွန် က ပြောကြားပြီး သူ့အနေနဲ့ ဧပြီလ အစောပိုင်းမှာ တရုတ်သို့ လည်ပတ်ရန် စီစဉ်ထားကြောင်း ပါရီမြို့က စိုက်ပျိုးရေးပြပွဲ တစ်ခုသို့ တက်ရောက်ချိန်မှာ ပြင်သစ်သမ္မတ က ပြောကြားပါတယ်။

ရုရှားရဲ့ရန်လိုမှုကို ရပ်တန့်ပြီး တပ်ဖွဲ့တွေကို ရုတ်သိမ်းကာ ယူကရိန်းနဲ့ သူ့ရဲ့ပြည်သူတွေရဲ့ အချုပ်အခြာ အာဏာပိုင်စိုးမှုကို လေးစားလိုက်နာမှသာ ငြိမ်းချမ်းရေးရရှိနိုင်မယ်လို့လည်း မက်ကရွန်က ဆက်ပြောပါတယ်။

-Ref: AFP/at