ဂျပန်ဘုရင့်မြေးတော် မင်းသမီးမာကို အရပ်သား တစ်ဦးနှင့် စေ့စပ်

ဂျပန် ဘုရင့်မြေးတော် မင်းသမီး မာကိုသည် ထုံးတမ်းစဉ်လာများကို ကျော်လွှားကာ သာမန် အရပ်သားတစ်ဦးနှင့် စေ့စပ်ကြောင်းလမ်းခဲ့ ကြောင်း သိရသည်။

ဂျပန်ဘုရင် အာကီဟီတို၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် အသက် ၂၅ နှစ်အရွယ် မင်းသမီး မာကိုသည် သူမ၏ ချစ်သူ ကီကိုမူရိုနှင့် တရားဝင် စေ့စပ်ခဲ့ခြင်းဖြစ်သည်။ မာကိုသည် ကိုမူရိုနှင့် လက်ထပ်ချိန်တွင် တော်ဝင်မိသားစုဝင်ဆိုသော ဂုဏ်ပုဒ်ကို စွန့်လွှတ်ရမည် ဖြစ်သည်။

ဂျပန်တွင် အစဉ်အဆက် ကျင့်သုံးလာသည့် တော်ဝင်မိသားစုဆိုင်ရာ ဥပဒေမှာ အငြင်းပွားဖွယ် သတ်မှတ်ချက်မျိုးအဖြစ် မိသားစုဝင် အမျိုးသမီးတစ်ဦး အရပ်သားနှင့် လက်ထပ်ပါက တော်ဝင်မိသားစုဝင် ဂုဏ်ပုဒ်ကို အဆုံးရှုံးခံရကြောင်း သိရသည်။ ထိုသတ်မှတ်ချက်သည် တော်ဝင်မိသားစုမှ အမျိုးသားများနှင့် မသက်ဆိုင်ချေ။

မာကိုက စက်တင်ဘာ ၃ ရက် စေ့စပ်ကြောင်းလမ်းမှု အစီအစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် ကိုမူရို၏ အပြုံးမှာ နေရောင်ခြည် ထိန်ထိန်သာ သည့်သဖွယ် သူမကို စတင် ဆွဲဆောင်နိုင်ခဲ့ကြောင်း ဖွင့်ဟပြောကြားသွားသည်။

သူမက “ကျွန်မချစ်သူနဲ့ လက်ထပ်တဲ့အချိန်ကျရင် တော်ဝင်မိသားစုဝင် သတ်မှတ်ချက်ကို ဆုံးရှုံးမယ်ဆိုတဲ့အကြောင်း ကြိုသိထားပြီးသားပါ။ ဒါကြောင့် ဒီသတ်မှတ်ချက် တည်မြဲတဲ့အချိန်အထိ ဘုရင်ကြီးကို ကူညီဖို့၊ တော်ဝင်မိသားစုဝင် တစ်ယောက်ရဲ့ တာဝန်တွေ ကျေပြွန်ဖို့ ကျွန်မ အစွမ်းကုန် ကြိုးစားသွားပါ့မယ်။ နောက်ပိုင်းမှာတော့ ကိုယ့်ဘဝကိုယ် တည်ဆောက်ရမှာပေါ့”ဟု ဆိုသည်။

ကိုမူရိုသည်လည်း မာကိုနှင့် သက်တူရွယ်တူဖြစ်ပြီး ဥပဒေရေးရာ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသည်။ ၎င်းတို့နှစ်ဦးသည် လွန်ခဲ့သည့် ငါးနှစ်က တက္ကသိုလ် အတူတက်ရင်း ဆုံဆည်းခဲ့ခြင်းဖြစ်သည်။

မာကိုသည် ဂျပန်ထီးနန်း ဖွဲ့စည်းပုံအရ ဒုတိယ အိမ်ရှေ့မင်းသားဖြစ်သည့် မင်းသားကြီး ဖူမီဟီတိုက မွေးဖွားသော အကြီးဆုံးသမီးဖြစ်သည်။ လတ်တလောတွင် သူမသည် ဒေါက်တာဘွဲ့ယူရန် ကြိုးစားနေဆဲဖြစ်ပြီး ပြတိုက် သုတေသီတစ်ဦးအဖြစ် အလုပ်လုပ်နေကြောင်း သိရသည်။

  Ref: BBC