အာဆင်နယ်အသင်းသည် ချန်ပီယံဆုရယူနိုင်ကြောင်းပြသနေပြီဟု ဘာဘာတော့ဗ် ချီးကျူးခဲ့ပြီး အသင်းဟောင်းစပါး ၏ ခံစစ်ကစားပုံကိုမူ ဝေဖန်ပြစ်တင်ခဲ့

စပါးအသင်း၏ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က စပါးနှင့် အာဆင်နယ်အသင်းတို့၏ မြောက်လန်ဒန်ဒါဘီပွဲ အပေါ် သုံးသပ်မှုပြုလုပ်ခဲ့ရာ အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ကြောင်း ပြသနေပြီဟု ချီးကျူးခဲ့ပြီး စပါးအသင်း၏ ခံစစ်ကစားပုံကိုမူ ဝေဖန်ပြစ်တင်ခဲ့သည်။ အာဆင်နယ်အသင်းသည် ယင်းပွဲတွင် စပါးဂိုးသမား ဟူဂိုလိုရစ်၏ Own Goal ၊ အသင်းခေါင်းဆောင် အော်ဒီဂွါ၏ သွင်းဂိုးများနှင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး သွင်းဂိုးနှစ်ဂိုးစလုံးကို ပထမပိုင်းတွင် ရရှိခဲ့ခြင်းဖြစ်သည်။ တစ်ပွဲလုံးတွင် စပါးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးသွင်းခွင့်အသာဖြင့် ကစားနိုင်ခဲ့သော်လည်း ပထမပိုင်းတွင် ခံစစ်ကိုအားပြုကစားခဲ့ခြင်းကြောင့် ဘာဘာတော့ဗ် အပြင် အခြားဘောလုံးသုံးသပ်သူများကလည်း စပါးနည်းပြ ကွန်တီကို ဝေဖန်ပြစ်တင်ခဲ့ကြသည်။  ပရီးမီးယားလိဂ်၏ Matchday Live အစီအစဉ်တွင် ပါဝင်တင်ဆက်ခဲ့သည့် ဘာဘာတော့ဗ်က “အာဆင်နယ်အသင်း က ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်စွမ်းရှိတဲ့အသင်းဆိုတာကို ပြသနေပါပြီ။ သူတို့က စိတ်လှုပ်ရှားစရာကစားပုံကို ပြသနိုင်ခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။ ဘာဘာတော့ဗ်က စပါးအသင်း၏ ခံစစ်ပိုင်းနှင့်ပတ်သက်၍ အော်ဒီဂွါ၏ ကန်ချက်အား ခွင့်ပြုပေးခဲ့ခြင်းအပေါ် အဓိကဝေဖန်ခဲ့သည်။ “အော်ဒီဂွါလို ကစားသမားမျိုးကို ကန်ခွင့်မပေးသင့် ပါဘူး။ ညာနောက်ခံကစားသမားတစ်ယောက်ကန်မှာဆိုရင် လွှတ်ထားလို့ရပေမဲ့ ဒါက ကြယ်ပွင့်ကစားသမား၊ အသင်းခေါင်းဆောင်၊ ပြီးတော့ သူ့ရဲ့ဘယ်ခြေနဲ့ ကောင်းကောင်းကန်လို့ရတဲ့ အနေအထားဖြစ်နေတာပါ”ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။  အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆင်ကမူ စပါးနည်းပြ ကွန်တီသည် ပထမပိုင်း၌ အလုပ်မဖြစ်သည့် နည်းဗျူဟာကို အပြောင်းအလဲမလုပ်နိုင်ခဲ့ကြောင်း၊ အပြောင်းအလဲလုပ်ရန် အကြံအစည်ရှိပုံမပေါ်ကြောင်း ဝေဖန်ခဲ့သည်။ အာဆင်နယ်အသင်း သည် ပထမအကျော့အိမ်ကွင်းပွဲစဉ်တွင်လည်း စပါးအသင်းကို (၃-၁)ဂိုးဖြင့် အနိုင်ရထားသောကြောင့် တစ်ရာသီအတွင်း ပရီးမီးယားလိဂ်နှစ်ကျော့စလုံး အနိုင်ရခဲ့ခြင်းဖြစ်သည်။  ယင်းသို့ စွမ်းဆောင်နိုင်ခြင်းမှာ ၂၀၁၃- ၁၄ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး အဝေးကွင်းပရီးယားလိဂ်ပွဲစဉ်များ၌ စပါးအသင်းကို (၈)ပွဲဆက်တိုက် အနိုင်မရဘဲရှိနေခဲ့ရာမှ ပြန်လည်အနိုင်ယူ နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ အာဆင်နယ်အသင်းသည်ယခုရလဒ်ကြောင့် အနီးဆုံးပြိုင်ဘက် မန်စီးတီးကို (၈)မှတ်အထိ ဖြတ်ထားနိုင်ခဲ့သည်။