ပိုလန်သို့ ရေနံပေးပို့မှု ရရှား ရပ်ဆိုင်း

ရုရှားသည် Druzhba ပိုက်လိုင်းမှတစ်ဆင့် ပိုလန်သို့ ရေနံထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ကြောင်း ပိုလန်ရေနံချက်လုပ်ရေးကုမ္ပဏီ PKN Orlen ၏ အမှုဆောင်အရာရှိချုပ်က ပြောကြားသည်။ ကုမ္ပဏီအနေဖြင့် ရေနံလိုအပ်ချက်များအား အခြားအရင်းအမြစ်များထံမှ အစားထိုးရယူဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်းကိုလည်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှားအပေါ် EU က ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုမှ ကင်းလွတ်ခွင့်ရသည့် ပိုက်လိုင်းမှတစ်ဆင့် ပိုလန်သို့ ရေနံ ထောက်ပံ့မှု ရပ်ဆိုင်းခြင်းသည် ပိုလန်က ၎င်း၏ ပထမဆုံး Leopard တင့်ကားများကို ယူကရိန်းသို့ ပို့ဆောင်ပြီးနောက် တစ်ရက်အကြာတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

ကုမ္ပဏီက ၎င်း၏ သန့်စင်ရေး စက်ရုံများဆီသို့ ရေနံစိမ်းများကို ပင်လယ်လမ်းကြောင်းမှတစ်ဆင့် သယ်ယူကာ ပေးပို့နိုင်ပြီး ယခုကဲ့သို့ ရေနံထောက်ပံ့မှု ရပ်ဆိုင်းခံရခြင်းကြောင့် ၎င်း၏ ဖောက်သည်များထံ ဓာတ်ဆီနှင့် ဒီဇယ်ဆီ ပို့ဆောင်မှုကို ထိခိုက်မည် မဟုတ်ကြောင်း ကိုလည်း PKN Orlen ၏ အမှုဆောင်အရာရှိချုပ်က ပြောကြားခဲ့သည်။

ရုရှား၏ Rosneft ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် PKN Orlen ကုမ္ပဏီသည် ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ Tatneft နှင့် သဘောတူညီချက်အရ ရေနံများကို ပိုက်လိုင်းမှရယူနေခဲ့ခြင်းဖြစ်သည်။