နေကို အနီးကပ်ထိတွေ့လေ့လာမည့် ပထမဆုံး အာကာသယာဉ် နာဆာလွှတ်တင်မည်

အမေရိကန် အမျိုးသားအာကာသသိပ္ပံအေဂျင်စီ (နာဆာ) ဟာ နေကို အနီးကပ် ထိတွေ့လေ့လာနိုင်မယ့် အစီအစဉ်အဖြစ် The Parker Solar Probe လို့ အမည်ပေးထားတဲ့ အာကာသယာဉ်ကို လွှတ်တင်သွားဖို့ ရှိနေပါတယ်။

အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ အကုန်အကျခံ တည်ဆောက်ထားခဲ့ရတဲ့ ဒီယာဉ်ကို လာမယ့် ၂၀၁၈ ခုနှစ်၊ ဇွန်လမှာ လွှတ်တင်သွားမှာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာမှ နေနဲ့အနီးဆုံး ပတ်လမ်းကြောင်းဆီ ရောက်ရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကားအသေးတစီးလောက် အရွယ်အစားရှိတဲ့ ဒီအာကာသယာဉ်ဟာ နေနဲ့အနီးဆုံး မိုင် ၄ သန်းလောက်အကွာထိ သွားရောက်နိုင်မှာဖြစ်ပြီး ဒါဟာ ပထမဆုံးဖြစ်လာမှာပါ။

သူဟာ ကမ္ဘာမှ လွှတ်တင်ပြီးနောက် သောကြာဂြိုဟ်ကို ၇ ပတ်လောက်ပတ်ပြီးမှ နေရဲ့အနီးကို ထွက်ခွာမှာ ဖြစ်ကာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှ ရောက်ရှိမှာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ အပူချိန်ဟာ ၁၃၀၀ ဒီဂရီ စင်တီဂရိတ်ထိ ရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလေ့လာမှုမှာ နေကို အနီးဆုံးရောက်ရှိနိုင်မယ့် နေရာထိ ၂၄ ပတ်လောက် ပတ်လမ်းကြောင်းအတိုင်း ပတ်နိုင်ဖို့ မျှော်လင့်ထားတာပါ။ The Parker Solar Probe ပရောဂျက်မှ သိပ္ပံပညာရှင် နစ်ကီဖောက်စ်က “ဒါဟာ နှစ်ပေါင်း ၆၀ ကာလအတွင်းမှာ နေအဖွဲ့အစည်းဆိုင်ရာ ရူပဗေဒနဲ့သက်ဆိုင်တဲ့ မေးခွန်းထုတ်မှုတွေကို အဖြေထုတ်နိုင်မယ့် သက်သေပြချက်တခု ဖြစ်ပါတယ်” လို့ ပြောပါတယ်။ အသေးစိတ်အစီအစဉ်တွေကိုတော့ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လထဲမှာ ထုတ်ပြန် ပေးသွားမှာ ဖြစ်ပါတယ်။   

(DVB)