အိန္ဒိယ၊ မြန်မာ၊ ကာဂျစ္စတန်အသင်းတို့ ပါဝင်သည့် FIFA အသိအမှတ်ပြုခြေစမ်းပွဲများကို မတ် ၂၂၊ ၂၄၊၂၆ ရက် များတွင် ကျင်းပပြုလုပ်မည်

အိန္ဒိယဘောလုံးအဖွဲ့ချုပ်(AIFF) သည် အိန္ဒိယလက်ရွေးစင်အသင်း။ မြန်မာ့လက်ရွေးစင်အသင်းနှင့် ကာဂျစ္စတန် လက်ရွေးစင်အသင်းတို့ပါဝင်သည့် FIFA အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲများကို မတ် ၂၂၊ ၂၄၊၂၆ ရက်များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။

အိန္ဒိယဘောလုံးအဖွဲ့ချုပ်(AIFF) သည် FIFA အသိအမှတ်ပြု သုံးပွင့်ဆိုင်ခြေစမ်းပွဲများနှင့်ပတ်သက်၍ ပြီးခဲ့သည့် ရက်ပိုင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ယင်းသတင်းစာရှင်းလင်းပွဲကို အိန္ဒိယဘောလုံးအဖွဲ့ချုပ်(AIFF) ဥက္ကဌ ကယ်ရန်ချူဘေး၊ မဏိပူရပြည်နယ် ဝန်ကြီးချုပ် ဘီရန်ဆင်းတို့ တက်ရောက်ခဲ့ကြသည်။

အိန္ဒိယဘောလုံးအဖွဲ့ချုပ်(AIFF) ၏ အဆိုအရ ယင်းသုံးပွင့်ဆိုင်ခြေစမ်းပွဲကို မဏိပူရပြည်နယ်၊ အင်ဖာမြို့ရှိ ပရိသတ် ၃၅၀၀၀ ဆံ့ ခူမန်လမ်ပက် အားကစားကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အိန္ဒိယဘောလုံးအဖွဲ့ချုပ်(AIFF) သည် သုံးပွင့်ဆိုင်ခြေစမ်းပွဲကျင်းပမည့်ရက်များကို ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း ကျင်းပမည့်ပွဲစဉ်ဇယားနှင့် ကျင်းပမည့်အချိန်တို့ကို အသေးစိတ် မထုတ်ပြန်သေးကြောင်း သိရသည်။

သို့သော် မတ် ၂၂ ရက်တွင် အိန္ဒိယလက်ရွေးစင်အသင်းနှင့် ကာဂျစ္စတန်လက်ရွေးစင်အသင်း၊ မတ် ၂၄ ရက်တွင် မြန်မာ့လက်ရွေးစင်အသင်းနှင့် ကာဂျစ္စတန်လက်ရွေးစင်အသင်း၊ မတ် ၂၆ ရက်တွင် အိန္ဒိယလက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားကြဖွယ်ရှိနေကြောင်း သိရသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ နောက်ဆုံးထုတ်ပြန်မှုအရ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ကာဂျစ္စတန် လက်ရွေးစင်အသင်းက အဆင့် ၉၄၊ အိန္ဒိယလက်ရွေးစင်အသင်းက အဆင့်  ၁၀၆။ မြန်မာ့လက်ရွေးစင်အသင်းက အဆင့် ၁၅၉ နေရာတို့တွင် ရပ်တည်နေကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် အိန္ဒိယလက်ရွေးစင်တို့သည် ၂၀၁၉ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲတွင် နောက်ဆုံးတွေ့ဆုံထားခဲ့ပြီး ထိုစဉ်က အိန္ဒိယအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်ရရှိထားသည်။

ရန်ကုန်မြို့တွင် ကစားသည့် မြန်မာအသင်း၏ အိမ်ကွင်းတွင် အီန္ဒိယအသင်းက(၁-၀) ဂိုးဖြင့် အနိုင်ရခဲ့ပြီး အိန္ဒိယမြေတွင်ကစားသည့်ပွဲတွင် (၂-၂) ဂိုးဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ကာဂျစ္စတန်လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် နှစ်ကြိမ်တွေ့ဆုံခဲ့ရာတွင် ကာဂျစ္စတန်အသင်းက ပထမအကျော့အိမ်ကွင်း၌ (၇-၀) ဂိုး၊ ဒုတိယအကျော့အဝေးကွင်း ၌(၈-၁) ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ် ပွဲအဖြစ် ကာဂျစ္စတန်နိုင်ငံ၊ ဘစ်ရှ်ကတ်မြို့၌ ယင်းအသင်းနှစ်သင်းတွေ့ ဆုံခဲ့ရာတွင် ကာဂျစ္စတန်အသင်းက (၂-၀) ဂိုးဖြင့် အနိုင်ရရှိထားသည်။ eleven