နို့ထွက်နှုန်းများသည့် စူပါနွားများကို တရုတ်သိပ္ပံပညာရှင်များ ပုံတူပွားဖန်တီး

နွားနို့ပမာဏ အမြောက်အမြား ထုတ်လုပ်ပေးနိုင်မည့် စူပါနွားဟု အမည်ပေးထားသည့် ပုံတူပွားဖန်တီးထားသော နွားသုံးကောင်ကို တရုတ်နိုင်ငံသိပ္ပံပညာရှင်များက ပုံတူပွားနိုင်ခဲ့ပြီဖြစ်ကြောင်း straitstimes.com က ရေးသားဖော်ပြထားသည်။ တရုတ်သိပ္ပံပညာရှင်များက ဖန်တီးလိုက်သည့် အဆိုပါ စူပါနွားများသည် ၎င်းတို့၏ သက်တမ်းတစ်လျှောက်တွင် နို့ပမာဏအမြောက်အမြားကိုထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း straitstimes.com ၏ ရေးသားဖော်ပြချက်အရ သိရသည်။

နွားများကို ယခုကဲ့သို့ ပုံတူပွားရခြင်းမှာ တရုတ်နိုင်ငံအနေဖြင့် ပြည်ပမှ မျိုးနွယ်များကိုသာ အားထားနေရခြင်းကို လျှော့ချနိုင်ရေးအတွက် အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု စူပါနွားများကိုဖန်တီးခဲ့သည့် တရုတ်သိပ္ပံပညာရှင် များက ဆိုသည်။ တရုတ်သိပ္ပံပညာရှင်များ ဖန်တီးလိုက်သည့် စူပါနွားပေါက်သုံးကောင်ကို တရုတ်နိုင်ငံ အနောက်မြောက်ဘက်ရှိ စိုက်ပျိုးရေးနှင့် သစ်တောသိပ္ပံနည်းပညာတက္ကသိုလ်က ပုံတူပွားဖန်တီးခဲ့ကြခြင်း ဖြစ်သည်။

Northwest University of Agricultural and Forestry Science and Technology မှ သိပ္ပံပညာရှင်များ မွေးမြူထားသော နွားလေးသုံးကောင်သည် ဇန်နဝါရီ ၂၃ ရက် နှစ်သစ်ကူးမတိုင်မီရက်သတ္တပတ်များအတွင်း  Ningxia ဒေသတွင် မွေးဖွားခဲ့ကြောင်း တရုတ်မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

အဆိုပါ နွားသုံးကောင်မှာ နယ်သာလန်နိုင်ငံမှ ပေါက်ဖွားလာသည့် Holstein Friesian မျိုးစိတ်မှ နွားပေါက်များကို ရွေးချယ်ဖန်တီးခဲ့ခြင်းဖြစ်သည်။ ရွေးချယ်ထားသော ယင်းနွားများသည် တစ်နှစ်လျှင် နို့ ၁၈ တန် သို့မဟုတ် ၎င်းတို့၏ သက်တမ်းတစ်လျှောက်တွင် နို့တန်ချိန် ၁၀၀ ထုတ်လုပ်နိုင်မည်ဟုသိရသည်။ ယင်းမှာ အမေရိကန်ပြည်ထောင်စုရှိ သာမန်နွားမျိုးထက် ၁ ဒသမ ၇ ဆနီးပါးနို့ ပိုမိုထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။

ယခုမွေးထုတ်ထားသည့် ပထမဆုံးသော နွားကလေးကို ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် မွေးဖွားခဲ့ပြီး ၎င်း၏အရွယ်အစားမှာ ၅၆ ဒသမ၇ ကီလိုဂရမ် (ပေါင် ၁၂၀) ရှိသည်ဟု ဆိုသည်။ တရုတ်နိုင်ငံ သိပ္ပံပညာရှင်များသည် အထွက်နှုန်းကောင်းသည့် နွားများ၏ နားဆဲလ်များမှ ကိုယ်ပွားသန္ဓေသားပေါင်း ၁၂၀ ကို ဖန်တီးခဲ့ပြီး ၎င်းတို့ကို အငှားနွားမများတွင် ထားရှိခဲ့ကြောင်း သတင်းများတွင် ဆက်လက်ဖော်ပြထားသည်။

လတ်တလောကာလတွင် တရုတ်နိုင်ငံအနေဖြင့် နို့ထွက်ပစ္စည်းများထုတ်လုပ်သည့် နွားများ၏ ၇၀ ရာခိုင်နှုန်းခန့်ကို ပြည်ပနိုင်ငံများက တင်သွင်းနေရခြင်း ဖြစ်သည်ဟု ဆိုသည်။ တရုတ်သိပ္ပံပညာရှင်များသည် နှစ်နှစ်မှ သုံးနှစ်အတွင်း စူပါနွားအကောင်ရေ ၁၀၀၀ ကျော်ဖန်တီးနိုင်ရန် စီမံထားကြောင်း သိရသည်။ -Ref:  straitstimes.com