ကနေဒါပိုင်နက်မှာ ပျံသန်းနေတဲ့ အမည်မသိ အရာဝတ္ထုကို အမေရိကန်တိုက် လေယာဉ်ပစ်ချ

ကနေဒါနိုင်ငံရဲ့ ဝေဟင်ပိုင်နက်ကိုချိုးဖောက်ဝင်ရောက်ခဲ့ပြီး အမြင့်ပေ ၄၀၀၀၀ မှာ ပျံသန်းနေတဲ့ အမည်မသိ အရာဝတ္ထုတစ်ခုကို အမေရိကန်တိုက်လေယာဉ်တစ်စီး က ကနေဒါအနောက်အလယ်ပိုင်း ယူကွန်ဒေသမှာ ပစ်ချခဲ့တယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒူး က ပြောကြားပါတယ်။

အမည်မသိ အရာဝတ္ထုကို ဖျက်ဆီးပစ်ရန် အမေရိကန်နဲ့ ကနေဒါတိုက်လေယာဉ်‌တွေကိုပါ စေလွှတ်ခဲ့ကာ အမေရိကန် အက်ဖ်-၂၂ တစ်စီး က ပစ်ချခဲ့တယ်လို့ ကနေဒါဝန်ကြီးချုပ်က ပြောကြားပါတယ်။

ဒါက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြောက်အမေရိက ဝေဟင်မှာ တရားမဝင် ပျံသန်းနေလို့ ပစ်ချခဲ့ရတဲ့ တတိယမြောက် အရာဝတ္ထုဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်တုန်းက အမေရိကန် က တရုတ်မိုးပျံပူဖောင်းတစ်လုံးကို ပစ်ချခဲ့ပြီး သောကြာနေ့ကလည်း အမည်မသိ အမြင့်ပျံ အရာဝတ္ထုတစ်ခုကို အလက်စကာ ပြည်နယ်ကမ်းလွန်မှာ ပစ်ချခဲ့ရပြန်ပါတယ်။

သူ့အနေနဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် နဲ့ စကားပြောခဲ့ကြောင်းနဲ့ အရာဝတ္ထုကို ပစ်ချဖို့ သူက အမိန့်ပေးခဲ့တာဖြစ်ကြောင်း ထရူးဒူး က ပြောကြားပြီး အဲဒီအရာဝတ္ထုအစိတ်အပိုင်းတွေကို ကနေဒါတပ်ဖွဲ့တွေက ရယူစစ်ဆေးသွားမယ်လို့လည်း တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

ယူကွန်ဒေသမှာပျံသန်းနေတဲ့  သေးငယ်ပြီး ဆလင်ဒါပုံ ရှိတဲ့ အရာဝတ္ထုကို ဒေသစံတော်ချိန် ၃ နာရီ ၄၁ မိနစ်မှာ အမေရိကန်နိုင်ငံ နယ်စပ်ကနေ မိုင် ၁၀၀ အကွာအဝေးမှာ ပစ်ချခဲ့ကြောင်း ကနေဒါကာကွယ်ရေးဝန်ကြီး အန်နီတာ အာနန် က သတင်းထောက်တွေကိုပြောကြားပါတယ်။

ကနေဒါနိုင်ငံပေါ် ပျံသန်းနေတဲ့ အရာဝတ္ထုကို ပစ်မချမီ ၂၄ နာရီစောင့်ကြည့်ခဲ့ကြောင်း အိမ်ဖြူတော် က ပြောကြားပါတယ်။  -Ref: BBC