ယူကရိန်းကို ကူညီထောက်ပံ့မှုများတိုးမြှင့်ပေးရန် နေတိုးနှင့် အီးယူ ကတိပြု

ရုရှား၏ကျူးကျော်မှုကို ခုခံတိုက်ခိုက်ရန် ယူကရိန်းအား ကူညီထောက်ပံ့မှုများကို တိုးမြှင့်ရန်နှင့် ဥရောပနှင့် အမေရိကန်ဦးဆောင်သည့် နေတိုးမဟာမိတ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် နေတိုးနှင့် ဥရောပသမဂ္ဂ (အီးယူ) တို့က ဇန်နဝါ ရီ ၁၀ ရက်တွင် ကတိပြုခဲ့ကြသည်။ နေတိုးနှင့် အီးယူအကြား ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ရေးအစီအစဉ်များသည် ယူကရိန်းအား အနောက်နိုင်ငံများက ထောက်ပံ့မှုများကြောင့် ပိုမိုအရှိန်ရလာခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ နေတိုးနဲ့ ဥရောပသမဂ္ဂကြားက မိတ်ဖက်ဆက်ဆံမှုကို ပိုမိုမြှင့်တင် ရေးကို ဆက်လက်လုပ်ဆောင်ရပါမယ်။ ပြီးတော့ ယူကရိန်းအတွက် ကျွန်တော်တို့ရဲ့ ထောက်ပံ့မှုတွေကိုလည်း ပိုမိုမြှင့်တင်ရပါမယ်”ဟု နေတိုးအကြီးအကဲ ယန်းစ်စတိုတန် ဘာ့ချ်က အီးယူထိပ်သီးအရာရှိများနှင့် ပူးတွဲကြေညာ ချက် တစ်စောင်တွင် လက်မှတ်ရေးထိုးပြီးနောက် ပြောကြားခဲ့သည်။

တူညီသည့် အဖွဲ့ဝင် ၂၁ နိုင်ငံစီပါဝင်သည့် နေတိုးနှင့် အီးယူနိုင်ငံများသည် ရုရှား၏ တိုက်ခိုက်မှုများကို တွန်းလှန်တိုက်ခိုက်နေသည့် ယူကရိန်းအား ဒေါ်လာ ဘီလျံချီတန်ကြေးရှိသည့် လက်နက်များ ထောက်ပံ့ပေးခဲ့သည်။

အမေရိကန်၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့က ယူကရိန်းကို ကျည်ကာတိုက်ခိုက်ရေးယာဉ်များ ထောက်ပံ့ပေးမည်ဟု ကြေညာခဲ့သော်လည်း ယူကရိန်းကမူ ပိုမိုခေတ်မီသည့် တိုက်ပွဲဝင်တင့်ကားများထောက်ပံ့ပေးရန် တောင်းဆိုခဲ့သည်။

“ယူကရိန်းအနေနဲ့ သူတို့လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းအားလုံးကို ရရှိသင့်ပြီး သူတို့နိုင်ငံကို ကာကွယ်နိုင်လိမ့် မယ်လို့ ကျွန်မထင်ပါတယ်”ဟု ဥရောပကော်မရှင်ဥက္ကဌ အာဆူလာ ဗွန်ဒါလီယန်က ပြောကြားခဲ့သည်။ “သဘောကတော့ ခေတ်မီတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေသာမက ယူကရိန်းကို ကာကွယ်ဖို့လိုအပ်တဲ့ ကာလပတ်လုံး ခေတ်မီတဲ့ စစ်လက်နက်ပစ္စည်းတွေလည်း ပါဝင်ပါတယ်”ဟု ၎င်းက ဆိုသည်။

ယူကရိန်းကို ထောက်ပံ့ပေးနေသည့် အနောက်နိုင်ငံများမှ ခေါင်းဆောင်များသည် လာမည့်သီတင်းပတ်တွင် ယူကရိန်းကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံမည်ဖြစ်ပြီး ယူကရိန်းဘက်က လိုအပ်သည့် လက်နက်အမျိုးအစားများနှင့် ယင်းလက်နက်များကို မဟာမိတ်များက မည်ကဲ့သို့ ထောက်ပံ့ပေးနိုင်မည်ဆိုခြင်းကို ရှင်းလင်းတိကျစွာသိရှိစေရန် ဆွေးနွေးသွားမည်ဟု စတိုတန်ဘာ့ချ်က ပြောကြားခဲ့သည်။ “လက်နက်စနစ်တွေ၊ ပလက်ဖောင်းတွေနဲ့ လက်နက် တွေ ထပ်ပေးဖို့ပဲမဟုတ်ဘဲနဲ့  ကျွန်တော်တို့ဘက်က ထောက်ပံ့ပေးခဲ့တဲ့ အဲ ဒီလက်နက်ပစ္စည်းတွေဟာ အသုံးဝင်သင့် သလောက် ဝင်ရဲ့လားဆိုတာကိုပါ စိတ်ချသေချာစေဖို့ ဆွေးနွေးသွားမှာပါ”ဟု ၎င်းက ဆိုသည်။

ယူကရိန်းအပေါ် ရုရှား၏တိုက်ခိုက်မှုသည် ဥရောပ၏ လုံခြုံရေးအခင်းအကျင်းကို ရိုက်ခတ်သွားခဲ့ပြီး အီးယူနှင့် နေတိုးအဖွဲ့ အကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို မြှင့်တင်ရန် တောင်းဆိုမှုများ ထွက်ပေါ်စေခဲ့သည်။ အီးယူအနေဖြင့် ကာကွယ်ရေးတွင် ၎င်း၏အခန်းကဏ္ဍကို မြှင့်တင်ရန်ကြိုးပမ်းနေသည့်တိုင် နေတိုးနှင့် အီးယူအကြား သဘောတူညီမှုသည် ဥရောပ၏ လုံခြုံရေးအတွက် အဓိကကျနေဆဲဖြစ်သည်။ “ကျွန်တော်တို့ရဲ့ သဘောတူညီမှုဟာ နေတိုးအဖွဲ့အနေနဲ့ ဥရောပ-အတ္တလန္တိတ် လုံခြုံရေးအတွက် အဓိကကျနေပြီး ပူးပေါင်းကာကွယ်ရေးအတွက် အုတ်မြစ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေတယ်ဆိုတာကိုပြသရာရောက်ပါတယ်” ဟု စတိုတန်ဘာ့ချ်က ပြောကြားခဲ့သည်။