ဘရာဇီး သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးရေးဆင်းစဉ် ဓားထိုးခံရ

စက်တင်ဘာ ၇

မကြာမီကျင်းပတော့မယ့် ဘရာဇီး သမ္မတရွေးကောက်ပွဲမှာ အနိုင်ရနိုင်တဲ့သူအဖြစ် တစ်ပြေးနေတဲ့ လက်ယာယိမ်းဝါဒီ ကိုယ်စားလှယ်လောင်း ဂျယ်ရာ ဘိုဆွန်နာရို ဟာ စက်တင်ဘာ ၆ ရက်က ရွေးကောက်ပွဲ စည်းရုံးရေး ခရီးစဉ်တစ်ခုအတွင်း ဓားနဲ့ အထိုးခံလိုက်ရကြောင်း သိရပါတယ်။

အဆိုပါ လက်ယာစွန်းရောက် ၀ါဒီ ဘိုဆွန်နာရိုဟာ ဘရာဇီး အရှေ့တောင်ပိုင်း မင်နက် ဂျရိုက်စ် ပြည်နယ်မှာ စည်းရုံးရေးဆင်းရင်း လူအုပ်စုတစ်စု အလယ်မှာ ရောက်သွားစဉ် ဓားနဲ့ အထိုးခံလိုက်ရတာဖြစ်ပါတယ်။

၎င်းဟာ ဓားထိုးခံရမှုကြောင့် အူမှာ ဒဏ်ရာရသွားပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရကာ မကြာမီ ပြန်သက်သာလာဖွယ် ရှိကြောင်း ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

အသက် ၆၃ နှစ်ရှိ ဘိုဆွန်နာရိုအနေနဲ့ ယခင်တုန်းက လူမျိုးရေးခွဲခြားမှု သဘောပါတဲ့ ပြောဆိုစကားတွေကြောင့် နိုင်ငံမှ လူတစ်ချို့က ၎င်းကို  ကြိုက်နှစ်သက်ခြင်း မရှိပါဘူး။

ဒါပေမယ့်လည်း သဘောထားစစ်တမ်းတွေအရ တကယ်လို့သာ သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ လူလာ ဒါ ဆေးလ်ဗားသာ လာမယ့် ရွေးကောက်ပွဲ ၀င်ပြိုင်ခွင့် မရဘူးဆိုရင်တော့ ဘိုဆွန်နာရိုဟာ လာမယ့်လ သမ္မတ ရွေးကောက်ပွဲမှာ မဲအများဆုံးရပြီး အနိုင်ရသွားလိမ့်မယ်လို့ ခန့်မှန်းထားမှုတွေ ရှိနေပါတယ်။

ယခုဖြစ်စဉ်မှာ ဘိုဆွန်နာရိုကို ဓားနဲ့ထိုးသွားတဲ့ အဒယ်လီယို အိုဘစ်စ်ပို ဒီ အိုလီဗီးယားဆိုသူ သံသယရှိ အမျိုးသားတစ်ဦးကိုလည်း ရဲက ဖမ်းဆီးထားလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

Ref: AFP