ပြင်းထန်အီဘိုလာကူးစက်ရောဂါ အဆုံးသတ်သွားပြီဟု ယူဂန်ဒါနိုင်ငံက ထုတ်ပြန် ယူဂန်ဒါတွင် အီဘိုလာပြီးဆုံး သွားပြီ ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကလည်း အတည်ပြု

လွန်ခဲ့သောလေးလနီးပါးတွင်ပေါ်ထွက်လာသောကူးစက်ရောဂါဖြစ်ပြီး လူ့အသက် ၅၅ ဦးဆုံးရှုံးခဲ့ရသည့် အီဘိုလာ ရောဂါ အဆုံးသတ်သွားပြီဟု ဇန်နဝါရီ ၁၁ ရက်တွင် ယူဂန်ဒါနိုင်ငံက ကြေညာသည်။ “ကျွန်တော်တို့ဟာ ယူဂန်ဒါနိုင်ငံမှာ အီဘိုလာကူးစက်ရောဂါကို အောင်မြင်စွာ ထိန်းချုပ်လိုက်ပါပြီ”ဟု စက်တင်ဘာတွင် အီဘိုလာ ရောဂါကို ပထမဆုံးတွေ့သည့် အလယ်ပိုင်းခရိုင် မူဘင်ဒီတွင် ပြုလုပ်သည့်အခမ်းအနားတစ်ခု၌ ကျန်းမာရေးဝန်ကြီး ဂျိန်းရုအဆင်းက ပြောကြားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ယူဂန်ဒါ၌ အီဘိုလာ အဆုံးသတ်သွားပြီဆိုခြင်းကို အတည်ပြုခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရိုအက်ဟာ နွမ်ဂျီ ဘရီးဆက်က အရှေ့အာဖရိကနိုင်ငံဖြစ်သော ယူဂန်ဒါ၏ ကျယ်ကျယ်ပြန့်ပြန့်စိုးရိမ်နေသော သွေးယိုစီးရောဂါ အီဘိုလာကို ခိုင်ခိုင်မာမာတု့ံပြန်မှု၊ ပြည့်ပြည့်စုံစုံတုံ့ပြန်မှုတို့အား ကြိုဆိုဂုဏ်ပြုခဲ့သည်။

ကူးစက်ရောဂါစတင်မှုသည် ဇန်နဝါရီ ၁၁ ရက်တွင် ၁၁၃ ရက်ပြည့်သည်ဟု ယူဂန်ဒါကျန်းမာရေးဝန်ကြီး အဆင်းက ပြောကြားသည်။ အီဘိုလာရောဂါသည်မြို့တော်ကမ်ပါလာသို့လည်း ပျံ့နှံ့ခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏စံအရ ကူးစက်ရောဂါတစ်မျိုးသည် ရောဂါပျိုးကာလ နှစ်ဆဖြစ်သည့် ၄၂ ရက် ဆက်တိုက် ကူးစက်သူ အသစ်မရှိသည့်အခါ အဆိုပါရောဂါသည် တရားဝင်အဆုံးသတ်သည်ဟု သတ်မှတ်ထားသည်။ “ယူဂန်ဒါဟာ စောင့်ကြည့်တာ၊ ထိတွေ့ရာဇဝင်လိုက်တာ၊ ကူးစက်တာ၊ တားဆီးတာ၊ ထိန်းချုပ်တာတို့လို အရေးပါတဲ့ ထိန်းချုပ်ရေး အစီအမံတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းဖြင့် အီဘိုလာကို မြန်မြန်ဆန်ဆန် အဆုံးသတ်လိုက်တာဖြစ်ပါတယ်”ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်ကို ယူဂန်ဒါ ကျန်းမာရေးဝန်ကြီးက ကိုးကားပြောဆိုခဲ့သည်။

“သက်ရောက်မှုရှိခဲ့တဲ့ ခရိုင်ကိုးခုစလုံးမှာ ကျွန်တော်တို့ရဲ့ကြိုးပမ်းအားထုတ်မှုတွေကို ပြင်းပြင်းထန်ထန်လုပ်ဖို့ ကျွန်တော်တို့ ဆန့်ထုတ်ခဲ့ပါတယ်”ဟု ၎င်းက ပြောကြားသည်။ မိမိတို့၏ လူ့အသိုင်းအဝိုင်းများကလည်း ကူးစက်ရောဂါအဆုံးသတ်ရေးအတွက် လိုအပ်သည်ကို လုပ်ဆောင်ရန် အရေးပါပုံအား နားလည်ကြောင်း၊ ၎င်းတို့က အရေးတယူဆောင်ရွက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးက ဆက်လက်ပြောကြားသည်။ အီဘိုလာကူးစက်ရောဂါ အဓိကဖြစ်ပွားရာ ခရိုင်နှစ်ခုဖြစ်သော မူဘင်ဒီနှင့် ကက်ဆန်ဒါတို့ကို ဒီဇင်ဘာလလယ်အထိ နှစ်လကြာ လော့ဒေါင်းချခဲ့သည်ဆိုသော်လည်း အစိုးရသည် နိုင်ငံတစ်ဝန်းတွင် အလားတူ လော့ဒေါင်းချခြင်းမရှိဟု ဆိုသည်။ စုစုပေါင်းအားဖြင့် ကူးစက်ခံရသည်ဟု အတည်ပြုထားသူ ၁၄၂ ဦး၊ အီဘိုလာဖြင့် သေဆုံးသည်ဟု အတည်ပြုထားသူ ၅၅ ဦး၊ ပြန်ကောင်းလာသော လူနာ ၈၇ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖော်ပြခဲ့ပြီး သေဆုံးသူများထဲတွင် ကလေးသူငယ်များပါဝင်သည်ဟု ဆိုသည်။ ယူဂန်ဒါနိုင်ငံ၏ အီဘိုလာကူးစက်ရော ဂါသည် ဆူဒန်အီဘိုလာဗိုင်းရပ်စ် ကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး ၎င်းသည်  အီဘိုလာဗိုင်းရပ်စ်ခြောက်မျိုးထဲက တစ်မျိုးဖြစ်သည်။ အီဘိုလာအတွက် လတ်တလောတွင် ကာကွယ်ဆေး မရှိဟု သိရသည်။