ဘုံသဘောတူညီချက်ငါးရပ်ကို လျင်မြန်စွာနှင့် အပြည့်အဝအကောင်အထည်ဖော်ရန် အာဆီယံက မြန်မာတပ်မတော် ကို ဆက်လက်တောင်းဆို

ဘုံသဘောတူညီချက်ငါးရပ်ကို လျင်မြန်စွာနှင့်  အပြည့်အဝအကောင်အထည်ဖော်ရန် အာဆီယံက မြန်မာတပ်မတော် ကို ဆက်လက်တောင်းဆိုခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဗီဗီယန်ဘာလာခရစ်ရှ်နန်က ပြောကြားခဲ့သည်။ မြန်မာတပ်မတော်အနေဖြင့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် လာမည့်အာဆီယံဥက္ကဋ္ဌ၏ အထူးသံတမန်ကို မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးနှင့် တွေ့ဆုံခွင့်ပေးရေးအပါအဝင် ၎င်းနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း တောင်းဆိုခဲ့သည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ မြန်မာနိုင်င ံရှိ နိုင်ငံရေးအနေအထားများနှင့်ပတ်သက်၍ ချဉ်းကပ်မှုအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သဘောမတူညီမှု များ မည်သည့်အတိုင်းအတာအထိရှိသည်ကို မေးမြန်းသည့် ပါလီမန်မေးခွန်းတစ်ရပ်အား စာရေး၍အကြောင်း ပြန်ကြားရာ တွင် ဘာလာခရစ်ရှ်န်က ယခုကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ စင်ကာပူနိုင်ငံခြားရေး ဝန်ကြီး၏ ပြောကြားချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် တပ်မတော်က အာဏာထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏အခြေအနေများကို အာဆီယံက တင်းတင်းကျပ်ကျပ်နှင့် အဆက်မပြတ်ချဉ်းကပ်လျက်ရှိကြောင်း သိရသည်။

အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်ကို အာဆီယံခေါင်းဆောင်များက ရေးဆွဲခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က ဂျာကာတာ၌ ပြုလုပ်သော အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးဦးဆောင်သည့် နစကအစိုးရကလက်ခံခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက သူ၏ပြန်ကြားချက်၌ ပြောကြားထားသည်။  သို့သော် ယင်းဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရာ၌ အကန့်အသတ်ရှိသည့် တိုးတက်မှုသာရှိခဲ့ခြင်းနှင့်ပတ်သက်၍ အာဆီယံက အကြီးအကျယ်စိတ်ပျက်နေဆဲဖြစ်သည်ဟုလည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ အာဆီယံ ခေါင်းဆောင် များသည်၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်သော အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် အဆိုပါ ဘုံသဘောတူညီချက် ငါးရပ်ကို ထပ်မံအတည်ပြုသတိပေးခဲ့ပြီး မြန်မာတပ်မတော်ကို ရှင်းရှင်းလင်းလင်းအချက်ပြမှု တစ်ရပ် ပေးပို့ခဲ့သည်။ အဆင့်ပေါင်းအတွဲလိုက်ကို သဘောတူညီခဲ့သည်ဟုလည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

အဆိုပါဘုံသဘောတူညီချက် ငါးရပ်မှာ (၁) မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ (၂) သက်ဆိုင်သူများကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးကြပြီး ငြိမ်းချမ်းစွာအဖြေရှာကြရန်၊ (၃) အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်၏ အကူအညီကိုရယူပြီး အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ကြားဝင်ညှိနှိုင်းပေးရန်၊ (၄) အာဆီယံဘက်က လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းကူညီပေးရေးဌာနမှတစ်ဆင့် မြန်မာနိုင်ငံကို လူသားချင်း စာနာမှုအကူအညီများ ပေးရန်နှင့် (၅) အာဆီယံ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်အဖွဲ့က မြန်မာနိုင်ငံကို သွားရောက်ပြီး သက်ဆိုင်သူဘက်ပေါင်းစုံနှင့် တွေ့ဆုံရန် စသည့်အချက်များ ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင်  ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်း မြန်မာ့အရေးနှင့် ပတ်သက်၍ ယခင်ကချမှတ်ထားသည့် ဘုံသဘောတူညီချက် ငါးရပ်အတိုင်း ဆက်လက်ဆောင်ရွက်မည် ဖြစ်သော်လည်း အကောင်အထည်ဖော်မည့်အချိန် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့သည်။