အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးကော်မတီ အဆင့်ဆင့်၏ မျက်နှာစုံညီတွေ့ဆုံဆွေးနွေးပွဲစတင်

NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများ အကြား ပစ်ခတ်တိုက် ခိုက်မှုမရှိစေရေး ဆောင်ရွက် ရန် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးပူးတွဲစောင့်ကြည့်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ က JMC ကော်မတီအဆင့်ဆင့် တာဝန်ရှိသူများကို တိုက်တွန်းခဲ့သည်။  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အဆင့်ဆင့်မှ ကော်မတီဝင်များ၏ JMC လုပ်ငန်းစဉ်အားနည်းချက်၊ အားသာချက် များအား ပြန်လည်သုံးသပ်သည့် ဒုတိယအကြိမ် မျက်နှာစုံညီအ စည်းအဝေးကို မေလ ၈ ရက်ကစ၍ ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ ပြုလုပ်နေသည်။ အစည်းအဝေးအဖွင့် အမှာစကားပြောကြားရာတွင် ပြည်ထောင်စု အဆင့် JMC တာဝန်ရှိသူများက ယင်းသို့ ထည့်သွင်း ပြောကြား ခဲ့သည်။

‘‘JMC-S မှာ ဆောင်ရွက်ချက်တွေ အားနည်းတာတွေတွေ့ရတဲ့အတွက် JMC-S အစည်းအဝေးပြီးတိုင်း၊ ပြီးတိုင်း နှစ်ဖက်တပ်မှူးတွေ တွေ့ဆုံပြီးတော့ ယုံကြည်မှုတည်ဆောက်ပြီးတော့မှ ပစ်ခတ်တိုက်ခိုက်မှုမရှိအောင် ဆောင်ရွက်သွားဖို့ ဒါဒီနေရာကနေ ကျွန်တော်တို့ တိုက်တွန်းပြောကြားလိုပါတယ်’’ဟု ပြည်ထောင်စုအဆင့် JMC ဥက္ကဋ္ဌ ဖြစ်သည့် အစိုးရကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ရာ ပြည့်က ပြောသည်။

ယခုကာလအတွင်း NCA လက်မှတ်ထိုးထားသည့် အဖွဲ့များကြားတွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားသည့် နေရာအချို့ ရှိခဲ့ကြောင်း နှင့် ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ပြည်နယ်နှင့် တိုင်းအဆင့် JMC-S များတွင် နှစ်ဖက်တပ်များ တွေ့ဆုံရန် ပြည်ထောင်စုအဆင့် JMC ကော်မတီက  ညွှန်ကြားထားကြောင်း ၎င်းကပြောသည်။ JMC လုပ်ငန်းများအကောင်အထည်ဖော်လာသည့် ၂ နှစ်ကျော် အတွင်း အောင်မြင်မှုရှိ၊ မရှိဆိုခြင်းကို မြေပြင်တွင် ဖြစ်ပေါ်နေသည့် ဖြစ်စဉ်များနှင့် တိုင်းတာရမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် JMC ဒုတိယဥက္ကဋ္ဌ (၁) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကိုယ်စားလှယ် ဗိုလ်ချုပ်စောအိုက်ဇက်ဖိုးက ပြောသည်။

‘‘အကောင်အထည်ဖော်မှု အောင်မြင်ခြင်းသည် အစုအဖွဲ့ သုံးခုစလုံး (အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ အရပ်သား ကိုယ်စားလှယ်)ရဲ့ အောင်မြင်မှု ဖြစ်သလို ဆုတ်ယုတ်ခြင်းသည် လည်း အစုအဖွဲ့သုံးခုစလုံး၏ ဆုတ်ယုတ်ခြင်းသာဖြစ်ပါတယ်။ JMC လုပ်ငန်းအကောင်အထည် ဖော်မှုဆုတ်ယုတ်ခြင်း ရလဒ်မှာ နှစ်ဖက်တပ်ဗိုလ်၊ တပ်မှူးများ ထိခိုက်ကျဆုံးမှုဖြစ်ပေါ်စေရုံမက အထူးသဖြင့် နယ်မြေခံလူထုများ မှာလည်း စစ်ရှောင်ဒုက္ခသည်များ အနေနဲ့အတိ ဒုက္ခရောက်ရတယ် ဆိုတာ လက်တွေ့ဖြစ်စဉ်တွေက နေ ဖော်ပြနေပါတယ်။ ဒါကိုလည်း အထူးသတိမူရမှာ ဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။

JMC အားနည်းချက်များပြန်လည်သုံးသပ်ရာတွင် ပြဿနာကြောင့်အငြင်းပွားခြင်း၊ အပြစ်ဖို့ခြင်းထက် ပြဿနာ ရင်းမြစ်ကို ဖော်ထုတ်ညှိနှိုင်းရန်နှင့် ပဋိပက္ခချုပ်ငြိမ်းရန် ယုံကြည်မှုတည်ဆောက်ရေး သည် အဓိကဖြစ်၍ နှစ်ဖက် တပ်ဖွဲ့များအကြား ယုံကြည်မှုပျက်ပြားစေသည့် အပြုအမူမျိုးရှောင်ရှားရန် ကရင်အမျိုးသားအစည်းအရုံး (KNU) စစ်ထောက်ချုပ် ဗိုလ်ချုပ်စောအိုက်ဇက်ဖိုးက တိုက်တွန်းသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီများကို ပြည်ထောင်စုအဆင့် (JMC-U)၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် (JMC-S) နှင့် ဒေသဆိုင်ရာအဆင့် (JMC-L) ဟူ၍ အသီးသီးဖွဲ့စည်းထားသည်။ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) များကို ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဖွဲ့စည်းထားသည်။ ဒေသဆိုင်ရာ အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-L) များကို ရှမ်း ပြည်နယ်တောင်ပိုင်း လင်းခေးမြို့နှင့် ကရင်ပြည်နယ် ဖာပွန်မြို့တွင် ဖွဲ့စည်းထားသည်။