ဇန်နဝါရီ ၈ ရက်မှစတင်ကာ ဟောင်ကောင်က တရုတ်နှင့်နယ်စပ်ကို ပြန်ဖွင့်သွားမည်ဖြစ်ပြီး တစ်ရက်လျှင် လူခြောက်သောင်းအထိ ဝင်ထွက်သွားလာနိုင်မည်

နယ်နိမိတ်များကို သုံးနှစ်နီးပါးကြာ ပိတ် ထားခဲ့သည့် ကပ်ရောဂါထိန်းချုပ်ရေး စည်း မျဉ်းများကို ကြီးကြီးမားမား ဖြေလျှော့မှုအဖြစ် ဇန်နဝါရီ ၈ ရက်မှစတင်ကာ ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးအကြား နေ့စဉ် လူသောင်းနှင့်ချီကာ ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကြောင်း အာဏာပိုင်များက ကြေညာခဲ့သည်။ တရုတ်နှင့် ဟောင်ကောင်တို့သည် ခရီးသွားလာမှုများအပေါ် ပိတ်ပင်ကန့်သတ်ခြင်းနှင့် မဖြစ်မနေ ကွာရန်တင်းဝင်ရသည့် စည်းမျဉ်းများကို ချမှတ်သည့် ကိုဗစ်ကင်းစင်းရေး မူဝါဒကို တစ်စိုက်မတ်မတ် ကျင့်သုံးလျက်ရှိခြင်းကြောင့် ခရီးသွားဝင်ရောက်မှု အနည်းအကျဉ်းသာရှိခဲ့သည်။ ထိုအစီအမံများကြောင့် မိသားစုများ ခွဲခွာရခြင်း၊ ခရီးသွား လုပ်ငန်း ထိခိုက်ကျဆင်း ခြင်းတို့ ဖြစ်ပေါ်ခဲ့ကာ ဟောင်ကောင်သည် လည်း အဆိုပါဂယက်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး ၂၀၂၂ ခုနှစ်ကိုလည်း စီးပွားရေး နက်နက်ရှိုင်းရှိုင်း ကျဆင်းမှုဖြင့် အဆုံးသတ်ခဲ့ရသည်။ ၂၀၂၀ ခုနှစ် အစောပိုင်းတွင် နယ်စပ်ဒေသဆိုင်ရာ စည်းမျဉ်းများကို ချမှတ်ခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံး ပြင်ဆင်ပြောင်းလဲမှု များကို တာဝန်ရှိသူများက ဇန်နဝါရီ ၅ ရက်တွင် ကြေ ညာခဲ့သည်။

ဇန်နဝါရီ ၈ ရက်မှ စတင်ကာ ကုန်းတွင်း နယ်စပ်ဂိတ်သုံးခုမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် သွားလာနိုင်ရန်အတွက် ဟောင်ကောင်ဒေသခံ ငါးသောင်းအထိ အွန်လိုင်းမှစာရင်း သွင်းနိုင်ပြီဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဂျွန်လီက ပြောကြားခဲ့သည်။ နောက်ထပ် လူတစ်သောင်းခန့်သည်လည်း ကြိုတင်စာရင်းသွင်းရန်မလိုဘဲ ရေကြောင်း၊ လေကြောင်း သို့မဟုတ် နယ်စပ်ဖြတ်ကျော် တံတားများမှတစ်ဆင့် တရုတ်ပြည်မကြီးသို့ ဝင်ရောက်နိုင်မည် ဖြစ်ကြောင်းလည်း ၄င်း၏ဆိုသည်။ အပြန်အလှန်အနေဖြင့်တရုတ်ပြည်မကြီးဆီမှ ဟောင်ကောင်သို့လည်း အလားတူ အရေအတွက်အတိုင်း ဖြတ်သန်းဝင်ရောက် ခွင့်ပြုမည်ဖြစ်ကာ မဖြစ်မနေ ကွာရန်တင်းဝင်ရမည့် စည်းမျဉ်းကိုလည်း ပယ်ဖျက်ပေးသွားမည်ဖြစ်သည်။

ယင်းသည် ဟောင်ကောင်၏ ထိခိုက်ကျဆင်းနေသော စီးပွားရေးအပေါ် အလွန်ကြီးမားသော သက်ရောက်မှု ဖြစ်လာလိမ့်မည်ဟု အုပ်ချုပ်ရေးမှူးလီက ခန့်မှန်းသုံးသပ်ခဲ့သည်။ ၂၀၂၃ ခုနှစ်သည် ပိုမိုထူးခြားပြီး သာယာဝ ပြောသည့်နှစ် ဖြစ်လာလိမ့်မည်ဟုလည်း ၎င်း ပြောကြားခဲ့သည်။ တရုတ်အာဏာပိုင်များသည် ၎င်းတို့ တစ်စိုက် မတ်မတ် ကျင့်သုံးခဲ့သည့် ကိုဗစ်ကင်းစင်ရေး မဟာဗျူဟာကို ရုတ်ခြည်းစွန့်ခွာကာ နိုင်ငံ့စီးပွားရေးကို ထိခိုက်စေခဲ့ပြီး နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ဖြစ်ပေါ်စေခဲ့သည့် ကန့်သတ်ချက်များကို ပြီးခဲ့သည့်လထဲတွင် ပယ်ဖျက်ပေးခဲ့သည်။

ထို့နောက်တွင် ကမ္ဘာ့လူဦးရေအများဆုံး တရုတ်နိုင်ငံ၌ ကိုဗစ်ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်လာခဲ့ သော်လည်း အာဏာပိုင်များသည် ဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိတော့ပေ။ တရုတ်နှင့် ဟောင်ကောင်အကြား နယ်စပ် ပိတ်ပင်မှုများ ဖြေလျှော့လိုက်ဖြစ်သော်လည်း ကပ်ရောဂါကာလ မတိုင်မီကကဲ့သို့အပြည့်အဝ ပြန်ဖွင့်ဦးမည်မဟုတ်ပေ။