F-35 တိုက်လေယာဉ်များ တူရကီထံ မရောင်းချတော့ရန် အမေရိကန် လွှတ်တော် ဆုံးဖြတ်

တူရကီသို့ F-35 အဆင့်မြင့် ကိုယ်ပျောက် တိုက်လေယာဉ်များ မရောင်းချစေရန် တားမြစ်လိုသော အဆိုကို အမေရိကန် လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

အစောပိုင်းက ပဉ္စမမျိုးဆက် အဆင့်မြင့် ဂျက်တိုက်လေယာဉ်များကို အမေရိကန်နှင့် မဟာမိတ် နိုင်ငံများ၏ ပူးပေါင်း ရန်ပုံငွေဖြင့် တည်ဆောက် ထုတ်လုပ်ခဲ့ရာ၌ တူရကီလည်း အပါအဝင် ဖြစ်ခဲ့သည်။ သို့သော် NATO မဟာမိတ် အုပ်စုဝင် နိုင်ငံတစ်ခုဖြစ်သည့်တိုင် တူရကီသည် ရုရှားနှင့် ဆက်ဆံရေး အလွန်ကောင်းမွန်လာခြင်း ကြောင့် အမေရိကန် နိုင်ငံရေးသမားများက F-35များ တူရကီထံ ရောင်းချမပေးတော့ရန် အဆိုတင်ခဲ့ခြင်း ဖြစ်သည်။

“တူရကီ သမ္မတ ယီဆက်ပ်တေယစ်ပ် အာဒိုဂန်ဟာ အဆင်အခြင်မဲ့တဲ့ လမ်းကို ဆက်ရောက်နေပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်တွေအရ တူရကီ ကျင့်သုံးတဲ့ မဟာဗျူဟာတွေဟာ ပိုပိုပြီး လမ်းချော်လာသလို အမေရိကန်ရဲ့ အကျိုးစီးပွားကို ဆန့်ကျင်ဖျက်ဆီးဖို့ ဦးတည်နေပါတယ်”ဟု လွှတ်တော်အမတ် ဂျိမ်းစ်လန်းဖို့ဒ် က ပြောကြားခဲ့သည်။

အမေရိကန် လေကြောင်းကာကွယ်ရေး နည်းပညာ ကုမ္ပဏီကြီး Lockheed Martinက ထုတ်လုပ်သည့် F-35များသည် ကမ္ဘာပေါ်တွင် ခေတ်အမီဆုံး စာရင်းဝင် တိုက်လေယာဉ်များအဖြစ် ညွှန်းဆို အသိအမှတ်ပြု ခံရသည်။ F-35များ ထုတ်လုပ်မှုသည် ကမ္ဘာ့သမိုင်းတွင် တန်ဖိုး အကြီးဆုံး လက်နက် စီမံကိန်း အဖြစ်လည်း စံခ်ျိန်တင်ခဲ့ပြီး အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ၊ NATO အဖွဲ့ဝင် နိုင်ငံများက စုပေါင်းပံ့ပိုးမှုဖြင့် ထုတ်လုပ်ခဲ့သည်။

တူရကီသည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အမေရိကန်၏ ပြိုင်ဘက် ရုရှားနှင့် ပိုမိုရင်းနှီးသော ဆက်ဆံရေးကို ထူထောင်လာခဲ့သလို အမေရိကန် အစိုးရနှင့် တူရကီကြားတွင်လည်း တင်းမာမှုများ ယခင်ကထက် ထင်ရှား ပေါ်လွင်လာခဲ့သည်။

Ref: Washington Examiner